Thursday, May 26, 2011
+---- မတ/ ----+
ပညာအရည်အချင်းမလို ၊ အိမ်ထောင်ရှိမရှိမလို
စာရင်းကိုင်မလို ၊ ရုပ်ရည်သန့် ပြန်စရာမလို
ဘွဲ့ မလို ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံချက်မလို
မလို .. မလို .. မလို ...
ခြေထောက် ၂ ဖက်က ကြွက်သားခပ်မာမာနဲ့ 
ဒီအလုပ်မှာ သူ နှစ်တစ်ချို့ ကြာခဲ့ပြီ ...
ကီလိုမီတာနဲ့ မိုင် ရဲ့ဆက်သွယ်ချက်ကို မသိ
ဒေါ်လာနဲ့  ကျပ်ရဲ့ ကွာဟချက်ကို မသိ
ကျင်လည်ရာဒေသ၏ အကွာအဝေးကို
သူကျခဲ့တဲ့ချွေးစက်တို့ နဲ့ တွက်ချက်
ဈေးဆစ်တတ်တဲ့ လူကုံထုံရပ်ကွက်မှာ
နဂိုကျသင့်နှုန်းထက် ပိုပိုသာသာတော့ပြောတတ်လာပြီ ....
အော်ဒီ ၊ ဖို့ ဒ် ၊ မာစီဒီး မော်ဒယ်တို့ ကိုသူနားမလည်
အုံနာပေးလိုက်တဲ့ တာယာဘီး ၃ ဘီးသည်
မကြာခဏ ကွဲတတ်သော အမျိုးအစားဖြစ်ကြောင်းတော့
သူကောင်းကောင်း နားလည်သည် ..
ဂလိုဘယ်လိုင်ဇေးရှင်းကို မသိ
ဆိုရှယ်နက်ဝက်ကင်းကို မသိ
တိုးပွါးလာတဲ့ ပါးစပ်ပေါက်တို့ အတွက်
ညမီးကင်းစောင့်ရင်း ဆိုဆိုနေတတ်တဲ့
"ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်" သီချင်းကိုတော့
သူဌာန်ကရိုဏ်းကျကျ ညည်းဆိုတတ်တယ် ...
ဂိတ်ရင်း နဲ့  ဂိတ်ဖျား ကြားမှာ
အနာဂတ်တို့ က ( သူချိတ်ထားတဲ့ တုံကင်ပြားလို )အစဉ်လိုက်သွားရင်း
ခရီးသည်မလာခင် ဖွာဖွာနေတတ်တဲ့
ဆေးပေါ့လိပ်တိုတို အငွေ့ ထဲတွင်
စိန်စီရွှေခြယ် အိမ်မက်တို့ က အလုံးလိုက် အထွေးလိုက် ....။
( မတ/ = မြို့ တွင်းရဲ့ အတိုကောက်ဝေါဟာရ ၊ အနှေးယာဉ်လိုင်စင်တွင်အသုံးပြူသည် )
Saturday, May 21, 2011
+---- အင်းယား ---+
ခပ်တိုးတိုး ရွတ်ဆိုတိုင်း ( သူမဆိုတဲ့ကဗျာတစ်ပုဒ်ကို )
ဒဏ်ရာတွေက နက်သထက်နက်လာတယ်
လူသိသိပ်မများတဲ့ ငါ့ညတွေ
ဘယ်ကကြည့်ကြည့် မွတ်သိပ်နေဆဲပါ ....
ကန်ဘောင်ကလေတွေတိုက်တိုင်း
မိုးရွာမယ်ချည်း ထင်ထင်နေတာ
မြေသင်းနံ့ နဲ့ ရောတဲ့ သူမကိုယ်ငွေ့ ကိုတမ်းတလွန်းလို့ လား
သူမ အပြုအမူတွေကို တမ်းတလွန်းတာလား
ထပ်တူကျမယ်ထင်ခဲ့တဲ့ ကတိတွေကို တမ်းတလွန်းတာလား
သေချာတာကတော့ ဒီတမ်းတမှူမှာ
"သူမ" ဆိုတဲ့ ပညတ်ချက်တစ်ခုတော့ပါနေတယ် ...
အရင်က အကြင်နာသဲ့သဲ့နဲ့  အရိပ်အယောင်တွေကိုတွဲချိတ်
မိုးတိတ်ရင်တောင် ထီးပိတ်ဖို့ အားက ချိနဲ့ နဲ့ ရယ် ..
သူမ  ရှိနေတုန်း ကာလသုံးပါးကိုမေ့
ငါဆိုတာကိုလည်း မေ့
ယုတ်စွအဆုံး
ဂျက်ဆင် နဲ့  ရေတမာတွေတောင် ငါမေ့နေတယ် ...
ခုံတန်းတွေမှာ ရေးခြစ်ရာတွေများလာတယ်
ကြော်ငြာစာလုံးတွေ တစ်ခုပြီးတစ်ခုပြောင်းပြောင်းလာတယ်
ကွယ်ထားတဲ့ထီးတွေမှာ ယူဗီပရိုတတ်ရှင်းတွေပါလာတယ်
သစ်ပုတ်ပင်က ထိန်းသိမ်းခံလာရတယ်
ဝင်ကြေးတွေဈေးတတ်လာတယ်
တိုက်ခတ်တဲ့လေက ကာဗွန်တွေပိုပိုပါလာတယ်....
ငါကရော
၁ ကနေ ၃၁ ကြားထဲက ဂဏန်းတစ်ခုကိုအသေမှတ်
မိုးစက်တွေအောက်
တစ်ကိုယ်လုံးရွှဲနစ်နေတာတောင်
အချိန်တန်ရင် သူမလာအုပ်မိုးပေးမယ့်လက်တစ်စုံကို
ခိုက်ခိုက်တုန်နေတဲ့ကြားက
( မရေမရာလေး ) မျှော်နေမိတုန်းဘဲ ...။
Wednesday, May 18, 2011
+--- သူစိမ်းတို့ ရဲ့ မြို့ တစ်မြို့ အကြောင်း ---+
ထိုမြို့ တွင် 
ဘာဂါကိုလာဝိုင်ပါမုန့် နဲ့  ၀က်ပေါင်ခြောက်တို့  ခေတ်စားတယ်
အဆီလျော့နို့ နဲ့  ဘော်ကာတို့ ခေတ်စားတယ်
လူအခွင့်အရေးခေတ်စားတယ်
မြေအောက်ရထား ဗုံးခွဲတာခေတ်စားတယ်
လည်ရှည်ဖိနပ် အသားကပ်နဲ့  စကက်တိုတို့ ခေတ်စားတယ်
ပုရှကင် ၊ လီနင် နဲ့  ပူတင်တို့  ခေတ်စားတယ်
တန်းစီစနစ် ခေတ်စားတယ်
သြော် ထိပ်တန်းဆိုတာတွေ
ပညာရေးလား
အိပ်ပျက်တာထက်မပိုဘူး
သယ်သူပို့ ဆောင်ရေးလား
ရေခဲသေတ္တာကို ဘီးတပ်ထာထက်မပိုဘူး
စူပါမားကတ်လား
အစွန်းထွက် အကြွေစေ့နှိုက်ရှာရတာထက်မပိုဘူး
နေထိုင်ရေးလား
အဆောင်ကဒ်ပြ၀င်တာထက်မပိုဘူး ...
နှင်းတွေအဆုပ်လိုက် လူတွေအုပ်လိုက်ကြားမှာ
နှာဖျားနွေးယုံ မီးခိုးငွေ့ ကိုမှူတ်ထုတ်
သူစိမ်းတွေရဲ့ မြို့ ကြီးမှာ လမ်းပျောက်
ငါ အိမ်မက်ထဲ လမ်းလျှောက်နေတယ် ...။
+--- နင့်ကိုမုန်းတယ် အန်နာ ---+
ရောင်စုံဆလိုက်တွေနဲ့  တီးလုံးမြူးကြွကြွတွေထဲ
သူ့ နှူတ်ခမ်းလောက် ဘယ်အရာမှ မမူးယစ်စေဘူးဆိုဘဲ 
ဟုတ်တယ် နင့်နှူတ်ခမ်းဖူးဖူးလေးတွေ
ခုထိ အရှိန်မသေသေးဘူးဘဲ 
ငါကတော့ အရောင်မဲ့ရေတစ်ခွက်နဲ့ 
အန်တီဘိုင်အိုတစ်ဆေးလုံးရောင်စုံတွေကြား
 တစ်ညလုံး မူးဝေနောက်ကျိနေခဲ့တာ .....
ခပ်ဖြောင့်ဖြောင့် ငနှဲ ၂ပွေလောက်ကို
တစ်ညတည်းတွဲကြည့်တာ မဆိုးဘူးဆိုဘဲ
ဟုတ်တယ် နင့်ည၀တ်အကျီမှာ
ရနံတွေက ခုထိမပျယ်သေးဘူးဘဲ
ငါကတော့ အေးစက်စက်ဖက်လုံးတစ်လုံးနဲ့ 
တစ်ညလုံး အထီးကျန်နေခဲ့တာ ....
ဂရုစိုက်ပါနာတာရှာ တဲ့
ငါ့နဖူးကို ကိုင်းညွတ်နမ်းတဲ့နင့်အနမ်းထက်
ဗလာကျင်းထားတဲ့ နင့်ရင်ညွန့်ကို ငါသဘောကျတယ်
ငါကတော့ လည်ပင်းတောင်မပေါ်အောင် အနွေးထည်ထူထူဝတ်လို့ 
နွေရာသီတိုင်း နေပူစာမလှုံရတာ ဘယ်လောက်ကြာခဲ့ပြီလဲ ..
ခပ်သွက်သွက်လှမ်းထွက်သွားတဲ နောက်ကျောတစ်စုံမှာ
နတ်ဘုရားမ အက်ဖရိုဒိုက်နေထိုင်သလား
ခပ်ဟဟပွင့်နေတဲ့ တံခါးကလေက
ငါ့ကိုနာကျင်ကိုက်ခဲစေတယ်
လွန်ခဲ့တဲ့ တနှစ်နီးပါးက နောက်ဆုံးတင်ခဲ့တဲ့လက်သည်းနီအရောင်သည်
ခရမ်းတောက်တောက်လား အနီရဲရဲလားစဉ်းစားရင်း
တံခါးလက်ကိုင်ကို တွန်းပိတ်မိတယ်
နင့်ကို မုန်းတယ် အန်နာ ....။။။။။။။။။။။။။။ 
( မကျန်းမာသော မိန်းမတစ်ယောက်ရဲ့ ခံစားချက်မျိုး အနီးစပ်ဆုံးတူအောင် ကျွန်တော့်အမြင်နဲ့ ရေးထားတာပါ )
+--- မေ့လျော့ထားသော အမှတ်တရများ ---+
အဆောင်မှာ ဂစ်တာတွေတီးကျတိုင်း ရည်ရွယ်သူတစ်ယောက်ကိုလည်းကောင်း
တစ်ယောက်တစ်ဖွာသောက်ခဲ့သော စီးကရက်တစ်လိပ်ကိုလည်းကောင်း
အဋ္ဌမတန်းသင်္ချာစာအုပ်ကြားမှ စွယ်တော်တစ်ရွက်ကိုလည်းကောင်း
သုံးမရလို့  စွန့် ကြဲခဲ့သော ဆယ်တန် ၁ ရွက်ကိုလည်းကောင်း
ဒေးလ်ကာနက်ဂျီ၏ မိတ္တဗလဋီကာစာအုပ်ကိုလည်းကောင်း
မတော်တော့သော တီရှပ်တစ်ထည်ကိုလည်းကောင်း
မပျော်တော့သော ဘဝတစ်ခုကိုလည်းကောင်း
ခေါ်မရသော ဖုန်းနံပါတ်တစ်ခုကိုလည်းကောင်း
အလျှော်မရသော လောင်းကြေးတစ်ခုကိုလည်းကောင်း
တွက်မရသော ပုစ္ဆာတစ်ပုဒ်ကိုလည်းကောင်း
ဖတ်မရသော ဘာသာတစ်ခုကိုလည်းကောင်း
သွားခဲ့သောနေရာ အတော်များများ
စားခဲ့သောအရာ တော်တော်များများ
ကြွားခဲ့သော အထာတော်တော်များများ 
များခဲ့သော စကားတော်တော်များများ
တွေးခဲ့သော အရာတွေ
ရေးခဲ့သော ကဗျာတွေ
ဟုတ်တယ် 
ကိုယ်အဲ့အရာတော်တော်များများကို
မှတ်မှတ်ရရကို မေ့ထားလိုက်ပြီ ...။
+--- မျက်နှာဖုံးမဲ့ပတ်ဝန်းကျင် ---+
မသေခင် ဂရုဏာဒေါသောနဲ့  ပြောဆိုမယ့်သူတွေရှိတယ် ( နားတော့နည်းနည်းခါးချင်ခါးမယ် )
သေပြီးမှ အသည်းအသန်ငိုမယ့် လူတွေရှိတယ် ( ထပ်တူထပ်မျှဝမ်းနည်းပါကြောင်း )
ဖက်တွယ်ထားတဲ့ဘဝကို 
ဟန်ချက်ညီညီလျှောက်နေသူတွေ
တွေဝေတွန့် ဆုတ်နေသူတွေ
လမ်းခုလတ်မှာ လက်အံသေသူတွေ
ပျက်အစဉ် ပြင်ခဏနဲ့  ခဏခဏပျက်နေသူတွေ
ဘဝက ယစ်မူးစရာကောင်းသလိုလိုနဲ့ 
မူးယစ်နေကြရတာဘဲလေ....
အကျိုးလိုလို့  ညောင်ရေသွန်းတဲ့ မျက်နှာသာပေးမှူထက်
အချင်းချင်း ကောင်းကျိုးအတွက်
တိုးတိုးတိတ်တိတ် လူမုန်းခံခဲ့ကြတာကို
ငါတို့ ပိုမက်မောခဲ့ကြတယ် မဟုတ်လား ...
ပျော်စရာတွေဆိတ်သုဉ်းလို့  သောကအပူတွေရှိနေချိန်တောင်
တစ်ယောက်ကိုတစ်ယောက် မလောင်ကျွမ်းစေဘဲ
( ဒီအပူလေးနဲ့  )တဖျက်ဖျက်တောတ်ပနေနိုင်ခဲ့တာဘဲ ...
လဲပြိုကျခဲ့ရင်တောင် နာကျင်စရာမြေပြင်ကို သတိမရဘူး
မင်းတို့ ရဲ့ ဂရုဏာအကြည့်တစ်ချက်နဲ့ ဖေးမခဲ့တဲ့လက်တစ်စုံကိုဘဲ သတိရမယ် ...
ကျေးဇူးပါ သူငယ်ချင်း
မျက်နှာဖုံးများတဲ့ပတ်ဝန်းကျင်မှာ
ငါတို့  အတူ မျက်နှာပြောင်တိုက်ရဲခဲ့ကြတာကိုပေါ့ ....။
+--- အာနိသင် ---+
ချိုမြိန်ခြင်းသည် သူမပေးသော ပန်းသီးတစ်လုံးမှ
အစပြုခဲ့လျှင် ခါးသက်ခြင်းသည်လည်း
ထိုပန်းသီးကို ခွဲကျွေးသော အဆိပ်လူးဓါးမှအစပြုသည်
တခါသောက် လက်ဖက်ခြောက်ထုပ်လို
သဘောထားတယ်ပြောအုန်းမလား
ရက်ပေါင်း ၁၅၀ ကျော် ပျော်ဝင်လာတာ
ငါ့နှလုံးသွေးတွေချည်းဘဲ
ခုတော့ ဒါဏ်ရာဗလပွနဲ့ သွေးဆုတ်နေခဲ့ပြီ
ဖြူလွှလွှအရာတခုလို အမည်မဖော်နိုင်တော့တဲ့
အရာတခုဘဲ ဘယ်ဘက်ရင်အုံမှာ
အသက်ငင်နေလေရဲ့ .
ပေးပါအုန်းလား မျှော်လင့်ခြင်းတွေ
အပေါ်ယံအလေးထားမှူတွေ
လူတယောက်ရဲ့လေးနက်မှူကို
ဘာမှမဖြစ်လောက်ပါဘူးဆိုတဲ့အ
တွေးလေးလောက်နဲ့ 
လျစ်လျှူရှူ့ တတ်တဲ့မင်း
ဒီအာနိသင်တွေ မစူးပါစေနဲ့ လို့ ဘဲ ....။
+---- ကြံရည်လား ကျန်ရည်လား ---+
စက်ဆီဝနေတဲ့ ဒလိမ့်တုံးတွေလောက်တော့
အိပ်စက်ရာဖဲမွေ့ ယာလို သဘောထား
ကျွန်မလေ
ခေါင်းလေးတိုးဝင် အိပ်စက်တတ်တယ် .....။
ကျွန်မကိုတော့ အရွယ်သုံးပါး ပျော်ပျော်ပါးပါး သောက်သုံးကြလေရဲ့
အဖိုးကြီးတွေကလည်း ရံဖန်ရံခါ ...
လူရွယ်လူလတ်တွေကလည်း ပူလောင်လာကြရင် 
တခါတခါ 
နိုင်ငံခြားသားတွေတောင် လက်တည့်စမ်းကြသေးသပေါ့ 
ကြိုက်ကြတာပေါ့ 
ကျွန်မက ချိုပေမယ့် ဈေးပေါတဲ့ ကြံရည်ကိုးရှင့် ....။
အချိုရည်ကုန်ုလို့  အမှိုက်ပုံးထဲရောက်လည်း
ဝမ်းနည်းစရာမရှိလောက်ပါဘူး
အကြွင်းအကျန်အစက်လေးတွေ စုပ်ယူစားသုံးမယ့်
ယင်မဲတစ်အုပ်နဲ့  ဟိုမှာ အသင့်ရှိတယ်မဟုတ်လားရှင် .....။
+---- အလွမ်းသင့်စွယ်တော် ----+
ထိုအထဲတွင် မုသားများပါခဲ့လိမ့်မည် ။
တချို့ တချို့ တွေက ကြွေ
ထိုအထဲတွင် အချစ်စစ်တို့ ပါခဲ့လိမ့်မည် ။
အစိမ်းလိုက်ပြန်ဆွဲနှုတ်မယ့် ဆူးတစ်ချောင်းဆို
ရင်ခွင်ကို ထုတ်ချင်ခတ်အောင် ဘာလို့ များ ဘာလို့ များ ...
သွေးစက်စက်ကျမယ့် ဒီဒဏ်ရာအတွက်
ဖုံးကွယ်ခြင်း မေ့ဆေးပေးခဲ့တာကိုတော့
အပြစ်မတင်ရက်ဘူး ....
မိုးသည်းတဲ့ အေးစက်ညတွေ
လေပြေညှင်းနဲ့  နေခြည်နွေးနေ့ တွေ
ငါတို့ ကျော်ဖြတ်ခဲ့နိုင်ခဲ့တယ်မဟုတ်လား
ကိန်းဂဏန်းအဆိပ်လူးတဲ့ဓါးနဲ့ 
မျက်နှာနှစ်ဖက်ဗီလိန်ကိုရော 
ငါတို့  ????????
စိတ်ကူးယဉ်အိမ်မက်တို့ ဖြင့်သာ
ပြဌာန်းခွင့်ရှိသော ထိုပုစ္ဆာမှာတော့
မင်းနဲ့ ငါဟာ ချစ်ခြင်းဖြင့်တွယ်ဆက်ထားသော
အလွမ်းသင့် စွယ်တော်တခြမ်းစီမျှသာပါကွာ ....။
+--- ကြွေလွင့်ခြင်း ---+
သစ်ပင်က ကြွေကျပြီးတဲ့သစ်ရွက်က အမှိုက်တဲ့
ဖြစ်တည်မှူကွာဟရင် 
အခေါ်အဝေါ်တွေကလည်း မနီးစပ်တော့ဘူး
ကိုယ့်တို့ နှလုံးသားက ကြွေကျသွားတဲ့ အချစ်ကိုတော့
နီးနီးစပ်စပ်ဘဲ နာမည်ပြန်ပေးချင်တယ် ... ( ကိုယ့်ရူးသွပ်မှူတစ်ခုပေါ့လေ )
ကိုယ်သိသလို မင်းလည်းသိပါတယ် 
ကြွေကျတာချင်းအတူတူ နယူတန်ဘေးနားကျတဲ့
ပန်းသီးတစ်လုံးက ပိုအဖိုးတန်သလို
အမုန်းတရား ၊ အဃာတတွေ မပါတဲ့
ကြွေကျခြင်းမျိုးနဲ့ 
ကိုယ်တို့ လွင့်မျောကြတာပေါ့..
ပေါင်းစပ်ခွင့်မရှိတဲ့ ချစ်ခြင်းက
ဒါဏ်ခတ်ခံရခြင်းတစ်မျိုးဆို
ကိုယ်တို့ ဟာ အချိန်ကာလအတော်ကြာ
ပြုစားခံရတဲ့ သားကောင်တစ်ချို ..
တစ်ချိန်ချိန်တော့ တစ်နေရာရာဆီမှာ လှဲလျောင်းမယ်
နားလည်မှူရေချိန်ညီတဲ့ မျက်နှာသွင်ပြင်တစ်ခုဆီမှာပေါ့ ......။
+---- ကြယ်ခူးတဲ့ကဗျာ ----+
ဘ၀ထဲက သက်တန့် လေးတစ်ခု ခဏတောက်ပဖို့ 
မိုးရေမှူန်တွေကို နေရောင်ခြည်နဲ့  အဆိပ်ငွေ့ ပေးသတ်
ငါဟာ 
တစ်မီလီမီတာအောက်ထုရှိတဲ့ မိုးရေစက်တွေကို မသနားတတ်ခဲ့ဘူး....
နက္ခတ်စုံတဲ့ကောင်းကင်လား
အလှမ်းဝေးလွန်းပါတယ်ကွာ
ဒီကောင်းကင်က ကြယ်လေး တစ်လုံးစ နှစ်လုံးစ မကွယ်ပျောက်ဖို့ 
ငါ့မျက်တောင်တွေ မှိတ်ချင်တိုင်း မမှိတ်ခဲ့ရတာ
ဘယ်လောက်တောင်ကြာခဲ့ပြီလဲ .....
အရောင်ဖျော့ အမှောင်တွေထဲဘဲ 
စိတ်သန့် သန့် လျောက်လှမ်းချင်သော်လည်း
ကြယ်ခူးတဲ့လူတွေကြားမှာ ပိုက်ကွန်တစ်ခုတော့ ကိုင်သွားသင့်တာပေါ့လေ ...
ဒီလိုနဲ့ ဘဲ ဘ၀မှာ မဖြစ်နိုင်ဘူး ဆိုတာတွေ နည်းနည်းလာတယ်
ဟူးးး
ဘာကိုမှ မတွေးမိရင်ပေါ့လေ ......။
+--- ဆက်ထုံးသီအိုရီ ----+
ညသည် လေအေးနှင့် ဆောင်းဦးရွက်ဝါတို့  ကိုယ်လက်နှီးနှောသံမှတပါး အေးစက်တိတ်ဆိတ်နေသည် ။
ဝရန်တာ၏ လက်ရန်းများက အေးစက်စက် ၊ ထိတွေ့ နေသော လေက အေးစက်စက် ၊ လက်ထဲက
ပုလင်းက အေးစက်စက် ၊ယုတ်စွအဆုံး စီးကရက်ဖင်စီခံကတောင် အေးစက်စက်၊
ဆူပွက်နေသော နှလုံးသွေးစီးဆင်းမှူက လွဲလို့  အရာ အားလုံးသည် အေးစက်ခြင်းနှင့် ကပ်ငြိလျှက်သာ ။
ထိုသို့ သော ညမျိုးကို သူ လုံးဝကို စက်ဆုပ်မုန်းတီးသည် ။
ချွင်ခနဲ မီးခြစ်အဖုံးဖွင့်သံသည် တရင်းတနှီးရှိလှသည် ။
ပျော်ပွဲစားထွက်တုန်းက ၀ယ်လာသော ထိုမီးခြစ်ကို စိတ်ညစ်တဲ့အခါတိုင်း ထုတ်ထုတ်သုံးမိခြင်းကိုကကမောက်ကမနိုင်လှသည် ။
မှောင်မိုက်လှသော ထိုနေရာတွင် မီးခြစ်အလင်းရောင်တွင် ဒေါသ နှင့် စိတ်ထိခိုက်ခြင်းရောနေသော ၊မှောင်မိုက်ခြင်းသည် အဖော်ဆိုလျှင် အထီးကျန်မဆန်လွန်းသေးပါလားဟူသောအတွေးနှင့် သူ မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည် ။
အဓိပ္ပါယ်ရှူပ်ထွေးလှသော အချစ် က သူ့ အတွက်တော့ " သူမ " ဆိုသော စကားလုံးဖြင့် ပြည့်စုံသည် ၊ ကျေနပ်သည် ၊ လောက်ငှသည် ။
သူမက ရူးမိုက်စွာ ငါးစာမပါဘဲ ချိတ်ချည်းသက်သက် ထိုင်မျှားစေအုန်းတော့ ထိုချိတ်ကို ဟပ်မည့်ငါးမှာ သူသာဖြစ်သည် ။
သူမ၏ အလေးမထားမှူ ကို သူ တူးခါးသည် ။
လျစ်လျူရှူမှူ့ ကို ( မသိလိုက် မသိဖာသာ လုပ်မိတာလည်း ဖြစ်ချင်ဖြစ်မည် ) သူ တူးခါးသည် ။
သူမ၏ တောင်းပန်ပါတယ်ဆိုသောစကားကို တူးခါးသည် ( ထပ်မကြားချင်လောက်အောင် မုန်းသည် ) ။
သူမကို ထိခိုက်စေမည့်အရာမျိုးကို သူရှောင်းရှားချိန်မှာ သူမသည် ဘာကြောင့်များ
အပြန်အလှန်သဘောတရားကို လျစ်လျှူရှူထားသလဲဆိုတာ နားလည်ရခက်လှသည် ။
သူမအတွက် သူ့ လက်များသည် ကဗျာရေးတဲ့အထိ နူးညံ့ဘူးသလို ၊ နံရံကို ထိုးတဲ့အထိလည်း ကြမ်းတမ်းဘူးခဲ့ပြီ ။
ခွဲခွါခြင်းကို မလိုလားသူ သူ့ အတွက် သူမ ကတိများသည်သာ ဆုပ်ကိုင်ရာ ၊ မျှော်ကိုးရာ ။
မီးတောက်က လေအေးတချက်အဝှေ့ မှာ ဇီဝိန်ကြွေသွားသည် ။
ထိုသို့ သော ညမျိုးကို သူ လုံးဝ စက်ဆုပ်မုန်းတီးသည် ။
ညသည် လေအေးနှင့် ဆောင်းဦးရွက်ဝါတို့  ကိုယ်လက်နှီးနှောသံမှတပါး အေးစက်တိတ်ဆိတ်နေသည် ။
+--- ကမ္ဘာကြီးတစ်ခုလုံး စစ်မဖြစ်တဲ့အချိန်မှာ သွန်းလုပ်တဲ့ ဓါးတစ်ချောင်း ---+
ချစ်သူဆံနွယ်စတို့ ကို မနမ်းရှိုက်ဘူးသော်လည်း
စူးရှပြင်းပြသတိရသောအခါ
ရနံ့ သင်းသော လေညှင်းကိုခံစား ရှူရှိုက်ရသကဲ့သို့ ...
ချစ်သူလက်များကို မဆုပ်ကိုင်ဘူးသော်လည်း
စူးရှပြင်းပြသတိရသောအခါ
သွေးခုန်နှူန်းနှင့်အတူ တုန်ခါနေသော သွေးပြန်ကြောလေးများနှင့်
နွေးထွေးသော ဆုပ်ကိုင်ခြင်းကို ခံစားရသကဲ့သို့ ...
ချစ်သူနှူတ်ခမ်းအစုံကို မထိတွေ့ ဘူးသော်လည်း
စူးရှပြင်းပြသတိရသောအခါ
ပန်းနုရောင်ရနံ့ နှင့်အတူ နူးညံ့သော အထိအတွေ့ ကို ခံစားရသကဲ့သို့ ...
ချစ်သူရင်ခွင်ထဲ မမှေးစက်ဘူးသော်လည်း
စူးရှပြင်းပြသတိရသောအခါ
ငြိမ်သက်သောညတွင် နှစ်ခြိုက်စွာအိပ်စက်ခြင်းကို ခံစားရသကဲ့သို့ ...
ချစ်သူရင်ခုန်သံကို နားမထောင်ဘူးသော်လည်း
စူးရှပြင်းပြသတိရသောအခါ
ဘယ်ဘက်ရင်အုံတွင် နှလုံးသားနှစ်ခု တပြိုင်နက်တုန်ခါနေသကဲ့သို့ ...
ထို သကဲ့သို့  များစွာထဲမှာ ပျော်ဝင်ယစ်မူးရင်း
မင်း ငါ့ကို သတိမရတဲ့အချိန်တွေတောင်
ငါ မင်းကို သတိရတောင့်တတယ် ချစ်သူ
ကမ္ဘာကြီးတစ်ခုလုံး စစ်မဖြစ်တဲ့အချိန်မှာ သွန်းလုပ်တဲ့ ဓါးတစ်ချောင်းလို
အေးငြိမ်းမှူနဲ့ ပြည့်နှက်တဲ့ အချစ်မျိုးအတွက်
မင်းရဲ့ စစ်မှန်ခိုင်မာတဲ့ တွဲလက်တစ်ဖက်ကို
ငါလေ.......
အမှန်တကယ်ကို လိုအပ်နေပြီ ချစ်သူရာ ....။
+---- ည ----+
လမင်းနားမှာ ကြယ်တစ်အုပ် ရမ်းကားတဲ့ ည ...
 (ညနေခင်းရဲ့သားချော့တေးနဲ့  နေမင်းကတော့ အိပ်တန်းတတ်သွားလေရဲ့ )
 ဝံပုလွေတွေ ပွဲတော်တည်လို့ 
 သိုးငယ်တွေ လည်စင်းခံတဲ့ည .....။
 အခိုးအငွေ့ တွေကြားက အတိုအပြတ်တွေအောက်
 တိုက်ပုံတွေ လည်စည်းတွေထက်က မျက်လုံးများ ကျက်စားတဲ့ ည .....။
 ဖန်ပြတင်းနဲ့  မာကျူရီမီးရောင်ကိုရော
 ဝါးထရံနဲ့  ရေနံဆီမီးရောင်ကိုပါ  ထိတွေ့ စေတဲ့ ည ....။
 နွေးထွေးပြည့်စုံစွာ နာမကျန်းတဲ့သူတွေရော
 အေးစက်အထီးကျန်စွာ ဖျားနာသူတွေရော ညည်းညူကြတဲ့ ည ....။
 လူကြီးလူကောင်းဆိုတဲ့သူနဲ့  တေလေဂျပိုးဆိုတဲ့သူ
 ကြမ်းတပြေး ဘေးချင်းကပ် ကျချင် ကျတတ်တဲ့ ည ...။
 အိမ်မက်ဆိုးရော အိမ်မက်ကောင်းရော မက်ကြတဲ့ည.....။
 အမှောင်ကန့် လန့် ကာနောက်မှာ
 အမှန်တရားတချို့ ပုန်းလျှိုးကွယ်လျှိုးလုပ်တဲ့ ည ....။
 ပွဲတတ်တဲ့သူကတတ်လို့  ပွဲပျက်တဲ့သူကပျက်လို့  ...
 မျက်နှာဖုံးဖျက်သူကဖျက်လို့  မျက်နှာဖုံးတပ်သူကတပ်လို့ ..
 ဟန်ဆောင်တဲ့သူကဆောင်လို့  ပြန်လှောင်တဲ့သူကလှောင်လို့ ...။
 ထပ်ဖြည့်မယ့်ခွက်ထဲမှာ
 အောင်မြင်ခြင်းရောတဲ့သူကရော ကျဆုံးခြင်းရောတဲ့သူကရောတဲ့  ည....။
 ( ဒါအရေးလားအာနိသင်ကတော့ အားလုံးကို တန်းတူဆက်ဆံတယ် ...)
 ကဲပါလေ
 နိုးထတော့လည်း မနေ့ ကကိစ္စတွေကိုမျက်နှာသစ်
 ခန္ဓာကိုယ်အဟောင်းကို လတ်ဆတ်အောင်လုပ်လို့ 
 နောက်ညအသစ်တွေထဲမှာ ဟန်မပျက်ပေါ့လေ .......။
+---- ဝိရောဓိ -----+
တကယ်ပါဘဲ....
ကဗျာကို မြတ်နိုးစွာနဲ့  သစ္စာဖောက်နေတဲ့ ကျနော်
သူများတွေထက် အပြစ်ပိုကြီးနေတယ် အစ်ကိုရာ ....။
ဝီလီယမ်ရှိတ်စပီးထားထက် ဘရစ်တနီစပီးယားကို လူသိပိုများနေမှတော့
အယ်လင်ပိုးနဲ့  လောင်းဖဲလိုး ခေတ်ပြိုင်လား မပြိုင်လား
ကျနော်မသိတာ မှားလားအစ်ကိုရာ .....။
လုပ်ချင်တာ မလုပ်ရတာထားတော့
လုပ်သင့်တာထက် လုပ်ခိုင်းတာကို လုပ်နေရတဲ့အချိန်
ဒီလက်တွေက အသွေးအသားလား ဂီယာလက်တံတွေလား
ကျနော် ဝေခွဲရခက်နေတယ် အစ်ကိုရာ....။
မောင်ချောနွယ်အတုပြောသလို
မျက်လှည့်ဆရာရဲ့ ဘင် ကိုမှ ၀ယ်ချင်တဲ့လူတွေ
အလမ္မာယ်ဆရာရဲ့ မြွေကိုမှ ၀ယ်ချင်တဲ့လူတွေ .. လူတွေ ....
ကဲ မခက်ပေဘူးလား အစ်ကိုရာ ....။
တကယ်လို့ များ ( ဒီလူတွေက )
မင်းတတ်ထားတဲ့ အသုံးမကျတာတွေ ဒါအကုန်ဘဲလားလို့ မေးလာခဲ့ရင်
ဖြေစရာ တစ်ခုကျန်ပါသေးတယ်
"ကျနော် ကဗျာလည်းရေးသေးတယ်" လို့  ...
တကယ်ပါဘဲ...
ကဗျာကို မြတ်နိုးစွာနဲ့  သစ္စာဖောက်နေတဲ့ ကျနော်
သူများတွေထက် အပြစ်ပိုကြီးနေတယ် အစ်ကိုရာ .....။
+--- စုံစမ်းမေးမြန်းခြင်းသည်းခံပါ----+
အစိမ်းတွေ နည်းလာပြီး အနီတွေများလာတယ်
 ငါတို့ တွယ်ကပ်နေတဲ့ အလုံးအ၀ိုင်းကြီးလည်း
 အခိုးတလူလူနဲ့  ပတ်ပြေးနေရ ။
 အရောင်တောက်တောက်တွေ များလာပေမယ့်
 အရောင်မွဲမွဲတွေကလည်း လျော့မသွားပါဘူး
 သူ့ အလွှာနဲ့ သူသာ သားပေါက်(သားဖောက်)ကြတယ် ။
 အဖြူတွေ နည်းလာပြီး အနက်တွေများလာတယ်
 စား ၊ ဝတ် ၊ နေ မဟာမိတ်တို့ ထိုးစစ်ပြင်းလွန်းတော့လည်း
 ကိုယ်ကျင့်တရားတို့  ခြေကုန်လက်ပန်းကျ ။
 ခင်ဗျာ ဟီရိ ၊ သြတ္တပ္ပ ဟုတ်လား !
 သူတို့  ဒီမှာမနေတာ တော်တော်ကြာသွားပြီဘဲ
 စုံစမ်းမေးမြန်းခြင်းသည်းခံပါ ..............။.
+--- ပိုးစုန်းကြူး ----+
ညသည် ကြယ်စင်လည်ဆွဲတဖျတ်ဖျတ်နှင့် ဝတ်စုံနက်နက်ကို ဆင်မြန်းလျက်....
ကျနော်ကတော့ ကြွေကျမယ့် ကြယ်အပိုင်းအစကလေး ရလိုရငြား
လမ်းများပေါ်တွင် လက်ဖြန့် လျောက်သူတွေနှင့် အရောမ၀င်လိုပေ။
သူမ.........
ညကို ဆန့် ကျင်ကာ အရောင်လက်လက်နှင့်...
သူမလှူပ်ရှားပုံက သွက်လက်သလောက် သိမ်မွေ့ သည်...မြန်ဆန်သလောက် အိနြေ္ဒရှိသည်...
လွတ်လပ်မှူကို နှစ်သက်သလောက် ရန်လိုစိတ်အလျှင်းမရှိ ။
သူမက အောင်ဆီဂျင်သန့် သန့် တွင် ပျော်မွေ့ သည်.......
ကျနော်က ကာဗွန်ဒိုင်အောက်ဆိုဒ် ခပ်များများရယ် ။
ဂျူးခြောက်သန်းကို သတ်ပီးမှ ချာလီချက်ပလင်ကိုရတာ တန်တယ်လို့ သတ်မှတ်ရင်
ဖန်ပုလင်းတစ်လုံး ပြေးယူပီး သူမကို ပိတ်လှောင်ထားလိုက်မည် ။
ဒါ့ကြောင့်ဘဲ သူမလွတ်လပ်စွာ တောက်ပနေမှူကို အမှောင်ထဲကနေ ရပ်ကြည့်နေနိုင်အောင်
မဖြစ်စလောက် ခံနိုင်ရည်နည်းနည်းနဲ့  ကြိုးစားကြည့်နေဆဲ ။
တကယ်တော့ ငါဟာ ..
ကြယ်စင်တစ်အုပ်ထက် ပိုးစုန်းကြူးတစ်ကောင်ကိုဘဲ ပိုတောင့်တသူပါ....
ယုတ်စွအဆုံး အမှောင်တွေကို ဖမ်းဆုပ်ရစေဦးတော့
ရောင်စဉ်ဖြာတဲ့ အသက်ရှူသံသဲ့သဲ့လေးကို နှလုံးသားနဲ့  နားဆင်ခွင့်ရရင် ငါရောင့်ရဲပြီ............။
+---- အိမ်မက် တစ်ဆင်စာ ----+
ဒီအကြောင်းပြောရင်
ငါရယ်၊ မင်းရယ်
အတိတ်လေး အနည်းငယ်၊ မရေရာတဲ့ လက်ရှိနဲ့ 
တစ္ဆေတစ်ကောင်လို အနာဂတ် တွေပါလာတော့မယ်( ငါမျက်လုံးတွေကန်းသင့်ရင် ကန်းထားရမယ် )
မိုးသည်းခဲ့ပေမယ့် ကတိစကားတွေတော့ သွေ့ ခြောက်ပျက်သုဉ်းလျှက်
( ရေငုံနှုတ်ပိတ်မနေနဲ့ လို့  ပြောခဲ့တဲ့မင်း ကိုယ်တိုင်တော့ ငြိမ်သက်လို့  )
မင်းပြောတဲ့စကားတွေက ငါ့မာနထက် ငါ့ရင်ကို ထက်ပိုင်းကျိုးစေတယ်...
မင်းနဲ့ ဝေးကွာရမှာထက် ဘယ်အရာကမှ ညတွေကို ပိုမမှောင်စေနိုင်တော့ဘူး....
အီကွေတာမှာ အလေ့ကျပေါက်တဲ့အပင်တွေထဲတော့ စာရင်းမသွင်းလိုက်ပါနဲ့ 
ငါတစ်ပင်တည်းဘဲ ၀င်ရိုးစွန်းမှာ အေးခဲနေလိုက်တော့မယ်.....
မင်းပြောသလိုဘဲ ဘာကောင်မှတော့မဟုတ်ဘူးပေါ့လေ
အိမ်မက်တဆင်စာနဲ့  မင်းအသိုင်းအ၀ိုင်းကြားမှာ ဘယ်လိုမှ ခရီးမပေါက်တာသိပါတယ်ကွာ
ငါလေ ဘာမှမဟုတ်တာ ကိုဘဲ သိမ်းထားပါရစေ
မင်းကို သတိရရင် မကြာ မကြာ ထုတ်..ထုတ်ကြည့်ရအောင်ပေါ့......
ငါ့အတိတ်ရဲ့ ဆေးစက်တွေကို ပြန်ကြည့်ရင်
မီးခိုးရောင်က အများသားဘဲ ( အတိတ်ကို ငါဘယ်တော့မှ အပြစ်မတင်ပါဘူး )
ရှူသွင်းနေတဲ့လေက ငါ့ပစ္စုပ္ပန်ဘဲ...
ရေးလက်စ ကဗျာတစ်ပုဒ်က ငါ့အိပ်စက်ခြင်းဘဲ..
ငါက သွေးအေးတယ် နှုတ်ဆိတ်တယ်
တိုးတိတ်လွန်းတော့ ငါ့နှလုံးခုန်သံကို မင်းသတိပြုမိပါ့မလား။
မင်း......
င့ါဘ၀ကို လောင်ကျွမ်းစေတယ်
မင်းမျက်နှာရှေ့ ကနေ ဖယ်ခွါလိုက် ကြမ်းပေါ်လွှင့်ပစ်လိုက် ( ခြေထောက်နဲ့ နင်းလိုက်တာလည်း အကြိမ်ကြိမ် )
နောက်ဆုံးတော့ ပြာမှူန်တွေအဖြစ်နဲ့  အမှိုက်ပုံးထဲမှာ..
ဒါပေမယ့် ငါ့ဘ၀ကို ငါကျေနပ်တယ်
မင်းနှုတ်ခမ်းဖျားကနေ တယုတယ
မီးခိုးငွေ့ ကွင်းလေးတွေအဖြစ် လှလှပပ
စိတ်လိုလက်ရ မင်းမှူတ်ထုတ်နေတတ်တဲ့
အချိန်တွေကို ပြန်တွေးမိရင်ပေါ့.....
ဒီလိုနဲ့ ပေါ့လေ...
မင်းနဲ့ ပတ်သတ်ရင် ငါဟာ အရူးတစ်ယောက်ထက်ပိုခဲ့တယ်
ငါကတော့ ယုံကြည်ချက်နဲ့  ငါ့လမ်း ငါဖောက်ဆဲ
ဘယ်လိုလဲဟေ့မင်း
လမ်းလျှောက်နိုင်ပါ့မလား.......။