Saturday, July 23, 2011

+--- ၄၁ ---+



"၄၁"
ရင်ဘတ်ပေါ်က တစ်တန်းတည်းသော လုပ်သက်တန်းလေးတောင် အနည်းငယ်လှူပ်ရှားသွားသည်။
သူမ နဲ့ ပတ်သတ်သော သတင်းက တိုတောင်းလှသည် ။ ကျွန်တော် ဘယ်လို သူမကို ရှာရမလဲ ။
သူမက ကျွန်တော် ၅ နှစ်တာ စိတ်ကူးယဉ်ခဲ့သလောက်ရော ခမ်းနားရွှန်းစိုလှပရဲ့လား ။
သူမက ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲရော ဆီးကြိုပါ့မလား ။ ကျွန်တော်သူမနဲ့  လက်တွဲလို့ 
အဆင်ပြေချောမွေ့ ပါ့မလား ။  မေးခွန်းများက  ပြည့်နှက်နေတယ် ။ သေချာတာတော့ သူမနှင့် ကျွန်တော်
မကြာခင်တွေ့ ဆုံရတော့မယ်ဆိုတာပါဘဲ ။ လိပ်စာတွေအသီးသီးပေးနေသံများက နားထဲ မကြားတချက်ကြားတချက် ။
ကျွန်တော်တို့  သူငယ်ချင်း ၃၀ ကျော်တို့ သည် blind date သွားတွေ့ မည့် လူပျိုသိုးများသဖွယ် ရင်တခုန်ခုန်နှင့်
နားစွင့်နေကြသည် ။ ယနေ့ အဖို့ တော့ သူမနှင့်တွေ့ ဖို့  အချိန်က အတော်လေးနောက်ကျနေသည့်အပြင်
ကိုယ်တိုင်ကလည်း မရဲတရဲမို့  နောက်နေ့ မနက်စောစောမှ သွားတွေ့ ဖို့ ဆုံးဖြတ်လိုက်သည် ။ အပြန်လမ်းမှာတော့
ရင်ကတလှပ်လှပ် ။ သူမသည် အစဉ်အလာကောင်းသော သမီးပျိုတစ်ဦးဖြစ်ခဲ့မှာကိုတော့ ယုံကြည်နေမိတယ် ။

အိမ်ရောက်တော့ နောက်နေ့ ဝတ်မယ့်အ၀တ်အစားကို အမေက မီးပူသေချာတိုက်ပေးတယ် ။အမေ့စိတ်ထဲမှာတော့
ကျွန်တော်သည် သူမရင်ခွင်တွင်ခိုလှူံဖို့  ငယ်ရွယ်လွန်းသေးတယ် ထင်နေလားမသိ ။
အစစအရာရာ အမှားအယွင်းမရှိအောင် တဖွဖွမှာနေရှာတယ် ။
ရှူးဖိနပ်ကို ပြောင်လက်နေအောင်တိုက်ပြီးတော့ ဖိနပ်စင်ပေါ်မှာတင် ၊ ရွှေရောင်ကြယ်ပွင့်လေးပွင့်ကို
လက်လက်ထနေအောင် ပွတ်တိုက်ပြီး အမေမီးပူတိုက်ပေးတဲ့ဝတ်စုံပေါ် အစိပ်အကျဲညီညီ တပ်ပြီး အိပ်ယာဘေးတွင်
ကျကျနန ချိတ်ထားလိုက်သည် ။ တောင်တွေးမြောက်တွေးနဲ့  တော်တော်နဲ့ အိပ်မပျော် ။ အိပ်ပျော်တော့လည်း
အိမ်မက်တွေ မက်နေမိတယ် ။
အိမ်မက်ထဲတွင် သူမ နှင့် ကျွန်တော်သည် လှိုင်းကြပ်ခွပ်ပေါ်တွင် ဆော့ကစားနေကြလေသည် ။

မနက်စောစောထ မုတ်ဆိတ်မွေး၊ နှူတ်ခမ်းမွေးသေချာရိတ် ရေချိုးကာ အမေပြင်ပေးတဲ့ မနက်စာကို
မက်မက်မောမော စားနေမိတယ် ။
ကျွန်တော်သည် နွေးထွေးသောအိမ်ရဲ့အရိပ်ကို မခွဲချင်ပါဘဲနှင့် အကြိမ်များစွာ ခွဲခွါနေရလေသည် ။
ဘုရားကန်တော့ ၊ အဖေနဲ့ အမေ့ကို ကန်တော့ပြီး သူမရှိရာ သန်လျှင်ကိုခြေဦးလှည့်ရတော့သည် ။
သူမရှိရာအရပ်သည် အတော်လေးတော့ သွားရေးလာရေးခက်ခဲလှသည် ။
အင်းစိန်ကနေဆူးလေကိုစီး ၊ ဆူးလေကတဆင့် သန်လျှင်ကားပြောင်းစီး ရသည် ။
၈ နာရီခွဲအမှီသွားမှ နို့ မိုဆို တစီးတည်းသော ဖယ်ရီမမှီရင် ခက်ရချည်ရဲ့ ။
သန်လျှင်တံတားကိုဖြတ်သန်းတိုက်ခိုက်နေသော မနက်ခင်းလေနုအေးက စိတ်ကို လန်းဆန်းစေသည် ။
သန်လျှင်ဂိတ်ရောက်တော့ အချိန်နည်းနည်းတောင် စောနေသေးတယ် ။ ဖယ်ရီကားဘေးမှာ ရပ်ပြီး
ဆေးလိပ်ထုတ်သောက်နေမိတယ် ။ သူမကရော ဆေးလိပ်သောက်တာကြိုက်ပါ့မလားမသိ ။
သူမတို့ ပတ်ဝန်ကျင်ကလူများကတော့ လူစိမ်းတစ်ယောက်မို့  ကွက်ကြည့်ကွက်ကြည့်နဲ့  ။
သူတို့ ပြောဆိုနေသော စကားများသည် ကျွန်တော့်အဖို့ တော့
အသစ်အဆန်းများသာဖြစ်ဖြစ်နေတော့သည် ။ အင်း နောက်တော့ ရင်းနှီးသွားမှာပါလေ ။

"အောက်တော"
နာမည်ကြားတာနဲ့ တင် ပတ်ဝန်းကျင်ကို ပုံဖော်လို့ ရလောက်သည် ။ ကွမ်းယာဆိုင်လေး ၂ ဆိုင် နဲ့ 
jetty တစ်ခု ၊သဗ္ဗာန်လှေလေး ၄၊၅ စင်း ၊ ဆိုင်ကယ်ကယ်ရီသမားတချို့  ။
စည်ကားနေတာဆိုလို့  ရန်ကုန်မြစ်ဝက တိုက်ခိုက်လာသော လေများသာရှိလေသည်။
ကောင်းလေစွ ။ ပျော်ရာမနေ တော်ရာနေ ဆိုသော စကားသည် ထိုနေရာတွင် ကိုယ့်ကိုကိုယ်နှစ်သိမ့်ဖို့ 
အကောင်းမွန်ဆုံးစကားဘဲ ။ ခဏနေရင် မိကျောင်းလာလိမ့်မယ် အီးအိုလေး ( EO ) ဆိုပြီး
လာပြောတဲ့စကားကြောင့် တချက်တောင် လန့် သွားတယ် ။
ဒီနေရာကမိကျောင်းတွေရှိတယ်လားပေါ့ ။ နောက်မှ ferry boat ကို ပြောတာဖြစ်ကြောင်း
သိလိုက်ရတယ် ။ နောင်တွင် ထိုမိကျောင်းသည် လေဘာတီ ဆိုသော ကမ်းတက်ခွင့်ကို ဖြည့်ဆည်းပေးနိုင်သော မိကျောင်းလိမ္မာလေးဖြစ်ကြောင်း ထိုအချိန်တုန်းက ကျွန်တော် မသိပေ ။
သူမဘယ်နေရာလောက်မှာရှိမလဲ သိချင်စိတ်နဲ့ မေးကြည့်မိတယ် ။ ထိုသူက ဘွိုင် ( bouy )နံပါတ် ၅ မှာ
ချည်ထားတယ်တဲ့ ။ အဲဒီ့  ဘွိုင်နံပါတ် ၅ ဆိုတာကြီးက အပြောကျယ်လှတဲ့ ဒီမြစ်ဝမှာ ဘယ်လိုရှာရမလဲ ။ ထားတော့
ခပ်တည်တည်နဲ့  အင်းအင်း လုပ်လိုက်ရတယ် ။
ဟန်ကိုယ့်ဖို့ ဆိုတဲ့ စကားကလည်းရှိသေးတယ်မဟုတ်လား ။

ခဏကြာတော့ မိကျောင်းက ဆူဆူညံညံနဲ့  jetty ဘေးလာကပ်တယ် ။ မိုးတွင်းမို့  လှိုင်းလေးက နည်းနည်းရှိနေတယ် ။
လှေအဆင်း မြင်းအတက် ဘဲလေ ။ ဆင်းမှအန္တရယ်များတာပါ တတ်တာတော့ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး
တတ်ထိုင်လိုက်တယ် ။ ဥသြ ၃ ချက်ဆွဲပြီး ကမ်းကနေခွါကာ သူမရှိရာ ဘွိုင်နံပါတ် ၅ သို့ ခုတ်မောင်းနေလေပြီ ။
ရင်ခုန်လိုက်တာတော့ ဆိုဖွယ်မရှိ ။ စက်ခန်းထဲဝင်ပြီး ၀တ်စုံထုတ်လဲ လိုက်တယ် ။
ကြယ်ဖြူတစ်လုံး၊ကျောက်ဆူးတစ်လက်လက်မောင်းတံဆိပ်နဲ့  ၀တ်စုံပြာပြာသည်ကိုယ့်ကိုကိုယ် ယုံကြည်မှူတိုးစေတာအမှန် ။

သူမ၀မ်းဗိုက်ဘေးကို မိကျောင်းက ညင်ညင်သာသာ ကပ်လိုက်သည် ။
ကျွန်တော်သည် ကျားသစ်ပျိုမရှေ့ တွင် ရောက်နေသော ယုန်ငယ်သဖွယ် လွန်စွာသေးငယ်ကာ ပျောက်ကွယ်မတတ် ။
သူမသည် ကြီးကျယ်ခမ်းနားလွန်းလှသည် ။ အေးဆေးတည်ငြိမ်လှသည် ။
သူမသည်ကျွန်တော့်ထက်များစွာအသက်ကြီးရင့်သူဖြစ်ကြောင်း သူမအသားအရေများက ဖော်ပြနေလေသည် ။
 သို့ သော်သူမသည် လုံလောက်စွာ တောက်ပနေဆဲ ၊ နုပျိုလတ်ဆတ်နေဆဲပင် ။
သူမ၏ သင်္ဘောဆေးရောင် ၀တ်စုံသည် ကျွန်တော် တသက်မမေ့နိုင်သော ဖက်ရှင်တစ်ခု ။
သူမ၏ သွယ်လျှလျှကိုယ်လုံးရှည်ရှည်သည် ရေလှိုင်းများကြားတွင် လျှင်လျှင်မြန်မြန် လှုပ်ရှားနိုင်သော
ပြယုဂ်တစ်ခု ။ သူမစွဲကိုင်သော လက်နက်များသည် သူမရင်ခွင်တွင် ခိုလှူံကြသူတို့ အား လုံခြုံဘေးကင်းစွာ
အကာအကွယ်ပေးနိုင်သော အစွမ်းသတ္တိအပြည့် ။ သူမ အပေါ်ယံရုပ်ပုံလွှာကောက်ကြောင်းကို ကျွန်တော် ပထမဆုံး
အကြည့်တစ်ချက်နဲ့ တင် မြတ်နိုးမိသွားတော့သည် ။ သူမ ဦးပိုင်းထိပ်ကို သွားပြီး လေကိုတ၀ကြီးရှူသွင်းလိုက်တယ် ။
သူမအတွင်းပိုင်းဖွဲ့ စည်းပုံသည် ရှူပ်ထွေးသော်လည်း စနစ်ကျလှသည် ။ သူမ နှလုံးသားသည် ဗီပုံစံ ဆလင်ဒါ
ဆယ့်ခြောက်လုံး V16 အမျိုးအစားဖြစ်သည် ။ သူမ နှလုံးသားကို ဖတ်တတ်အောင် ကျွန်တော် အချိန်များစွာ
ယူရပေအုန်းမည် ။ သူမ ၀မ်းဗိုက်အတွင်း လှည့်ပတ်စစ်ဆေးတော့ သူမသည် ဘယ်ညာလူးလှိမ့်ကာ ပေါ့ပေါ့ပါးပါး
ရမ်းခါနေလေသည် ။ သူမသည် သိမ်မွေ့ လွန်းလှပါကလား ။

ကျွန်တော့်အတွက်ရသော ၂ ထပ်အိပ်စင်ခန်းသည် သူမကိုယ်လုံးသွယ်သွယ်နဲ့ စာရင်
သေးငယ်တယ်ပြောလို့ တော့မရပေ ။ ပစ္စည်းများကို နေရာချ ၊ အိပ်စင်ပေါ်တွင် လှဲချလိုက်သည် ။
လရောင်သည် ပြတင်းပေါက် ၀ိုင်းဝိုင်းသေးသေးလေးမှတဆင့် အိပ်စင်ဘေးကို ဖြာကျနေသည် ။
သူမ နံဘေးကို ရိုက်ခတ်ကျီစယ်နေသော လှိုင်းပုတ်သံက ပရမ်းပတာမနိုင်လှဘဲ စည်းချက်ကျကျကြားနေရသည် ။
ထိုညတွင် သူမနှင့် ကျွန်တော်သည် မက်ခဲ့ဖူးသော အိမ်မက်အတိုင်း လှိုင်းကြက်ခွပ်များပေါ်တွင် စီးမျှောနေတော့သည် ။

( သူမသည် ကျွန်တော် ပထမဆုံးတာဝန်ကျဖူးသော စစ်ရေယာဉ် နံပါတ် ၄၁ ( ရန်တိုင်းအောင် ) အား ရည်ညွှန်းပါသည် ။ )

1 comment:

  1. ဘယ်တွေရောက်သေးလည်း ...

    ReplyDelete