Wednesday, October 26, 2011
+--- ဆိုးရွားစွာထိခိုက်စေသည် ---+
အချစ်သည် အာဒံနဲ့ ဧ၀ တို့ ထက် ရှေးကျကောင်းကျနိုင်ပါတယ်
မာဘိုလိုထက် ရှေးကျသော ဆေးလိပ်များရှိခဲ့တာဘဲ ...
မြင်မြင်ချင်းဘဲချစ်သွားတယ် ၊ မြင်ပီးမှ ချစ်ချစ်လာတယ် မျိုးစုံပေါ့လေ
သောက်ရင်းနဲ့ စွဲလာတယ် ၊ စွဲလို့  သောက်ဖြစ်လာတယ် ...
ရင်ထဲမှာရှိတာတွေ ဖွင့်မပြောတတ်သူရှိတယ် ပြောတတ်သူရှိတယ်
မသောက်ခင် ဆေးသားကျစ်အောင်ခေါက်တဲ့လူရှိတယ် မခေါက်တဲ့လူရှိတယ် ....
အချစ်စိတ်ဝင်လာရင် အနည်းနဲ့ အများပူလောင်လာတယ်
မီးစညှိရင် အပူရှိန်ကြောင့် လောင်ကျွမ်းစမြဲဘဲ ....
ရန်ဖြစ်လိုက် ပြန်ချစ်လိုက် သူလိုကိုယ်လိုပေါ့ ..
တဖွာနဲ့ တဖွာကြားမှာ ရှူသွင်းလိုက် မှုတ်ထုတ်လိုက်ပေါ့ ....
သိလိုက်တဲ့အလွမ်းတွေရှိမယ် မသိလိုက်တဲ့အလွမ်းတွေရှိမယ်
လေထဲရောက်သွားမယ့် အငွေ့ တွေရှိမယ် ရင်ဘတ်ထဲကျန်ခဲ့မယ့် အငွေ့ တွေရှိမယ် ....
ဘေးစကားတွေရှိမယ် ၊ သံသယတွေရှိမယ် ၊ သ၀န်တိုမယ် အထင်လွဲမယ်
မီးလာတောင်းတဲ့လူရှိမယ် ၊ တဖွာ နှစ်ဖွာတောင်းသောက်မယ့်လူရှိမယ် ၊ မီးသေသွားတဲ့တလိပ်တလေလည်းရှိပေမပေါ့ ...
ပေးဆပ်ခြင်း ၊ စွန့် လွတ်ခြင်း ဆေးရိုးသည်တွေကန့် လန့် ကန့် လန့် ပါလာမယ်
ဆေးလိပ်မသောက်ရနယ်မြေတွေ မူးယစ်ကင်းစင်ဇုံတွေ ပါလာမယ် ....
အသဲကွဲတော့ ရင်ပူတယ်
အစီခံနားကပ်လာတော့ လျှာပူတယ် ...
ဘယ်လိုအဆုံးသတ်လိုက်လဲ အကြောင်းပြချက်မလိုဘူး ပြတ်စဲသွားတာကလိုရင်း
ခြေထောက်နဲ့ နင်းခြေလိုက်လား ရေအိုင်ထဲကျသွားလားလှည့်မကြည့်နဲ့  မီးသေသွားဖို့ ကလိုရင်း ...
အချစ်နဲ့ ဆေးလိပ်ကို စွဲလန်းတဲ့ ( ငါလို ) လူလောက်
ဘယ်လူများ ပို မိုက် ရူး နှမ်း ခဲ့ဘူးသလဲ ...
ဟိုစာရေးဆရာရေးတာ သိပ်ကြိုက်တယ်
" လမ်းမှာတွေ့ တဲ့လူတိုင်းကိုမေးကြည့်ရအုန်းမယ် အချစ်ဆိုတာ ကိုယ့်ကိုကိုယ်သတ်သေခြင်းတမျိုးလားလို့ "
စာတန်းကြီးက ထင်းလို့ ပါလား
" ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသည် "
Saturday, July 23, 2011
+--- ၄၁ ---+
"၄၁"
ရင်ဘတ်ပေါ်က တစ်တန်းတည်းသော လုပ်သက်တန်းလေးတောင် အနည်းငယ်လှူပ်ရှားသွားသည်။
သူမ နဲ့ ပတ်သတ်သော သတင်းက တိုတောင်းလှသည် ။ ကျွန်တော် ဘယ်လို သူမကို ရှာရမလဲ ။
သူမက ကျွန်တော် ၅ နှစ်တာ စိတ်ကူးယဉ်ခဲ့သလောက်ရော ခမ်းနားရွှန်းစိုလှပရဲ့လား ။
သူမက ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲရော ဆီးကြိုပါ့မလား ။ ကျွန်တော်သူမနဲ့  လက်တွဲလို့ 
အဆင်ပြေချောမွေ့ ပါ့မလား ။  မေးခွန်းများက  ပြည့်နှက်နေတယ် ။ သေချာတာတော့ သူမနှင့် ကျွန်တော်
မကြာခင်တွေ့ ဆုံရတော့မယ်ဆိုတာပါဘဲ ။ လိပ်စာတွေအသီးသီးပေးနေသံများက နားထဲ မကြားတချက်ကြားတချက် ။
ကျွန်တော်တို့  သူငယ်ချင်း ၃၀ ကျော်တို့ သည် blind date သွားတွေ့ မည့် လူပျိုသိုးများသဖွယ် ရင်တခုန်ခုန်နှင့်
နားစွင့်နေကြသည် ။ ယနေ့ အဖို့ တော့ သူမနှင့်တွေ့ ဖို့  အချိန်က အတော်လေးနောက်ကျနေသည့်အပြင်
ကိုယ်တိုင်ကလည်း မရဲတရဲမို့  နောက်နေ့ မနက်စောစောမှ သွားတွေ့ ဖို့ ဆုံးဖြတ်လိုက်သည် ။ အပြန်လမ်းမှာတော့
ရင်ကတလှပ်လှပ် ။ သူမသည် အစဉ်အလာကောင်းသော သမီးပျိုတစ်ဦးဖြစ်ခဲ့မှာကိုတော့ ယုံကြည်နေမိတယ် ။
အိမ်ရောက်တော့ နောက်နေ့ ဝတ်မယ့်အ၀တ်အစားကို အမေက မီးပူသေချာတိုက်ပေးတယ် ။အမေ့စိတ်ထဲမှာတော့
ကျွန်တော်သည် သူမရင်ခွင်တွင်ခိုလှူံဖို့  ငယ်ရွယ်လွန်းသေးတယ် ထင်နေလားမသိ ။
အစစအရာရာ အမှားအယွင်းမရှိအောင် တဖွဖွမှာနေရှာတယ် ။
ရှူးဖိနပ်ကို ပြောင်လက်နေအောင်တိုက်ပြီးတော့ ဖိနပ်စင်ပေါ်မှာတင် ၊ ရွှေရောင်ကြယ်ပွင့်လေးပွင့်ကို
လက်လက်ထနေအောင် ပွတ်တိုက်ပြီး အမေမီးပူတိုက်ပေးတဲ့ဝတ်စုံပေါ် အစိပ်အကျဲညီညီ တပ်ပြီး အိပ်ယာဘေးတွင်
ကျကျနန ချိတ်ထားလိုက်သည် ။ တောင်တွေးမြောက်တွေးနဲ့  တော်တော်နဲ့ အိပ်မပျော် ။ အိပ်ပျော်တော့လည်း
အိမ်မက်တွေ မက်နေမိတယ် ။
အိမ်မက်ထဲတွင် သူမ နှင့် ကျွန်တော်သည် လှိုင်းကြပ်ခွပ်ပေါ်တွင် ဆော့ကစားနေကြလေသည် ။
မနက်စောစောထ မုတ်ဆိတ်မွေး၊ နှူတ်ခမ်းမွေးသေချာရိတ် ရေချိုးကာ အမေပြင်ပေးတဲ့ မနက်စာကို
မက်မက်မောမော စားနေမိတယ် ။
ကျွန်တော်သည် နွေးထွေးသောအိမ်ရဲ့အရိပ်ကို မခွဲချင်ပါဘဲနှင့် အကြိမ်များစွာ ခွဲခွါနေရလေသည် ။
ဘုရားကန်တော့ ၊ အဖေနဲ့ အမေ့ကို ကန်တော့ပြီး သူမရှိရာ သန်လျှင်ကိုခြေဦးလှည့်ရတော့သည် ။
သူမရှိရာအရပ်သည် အတော်လေးတော့ သွားရေးလာရေးခက်ခဲလှသည် ။
အင်းစိန်ကနေဆူးလေကိုစီး ၊ ဆူးလေကတဆင့် သန်လျှင်ကားပြောင်းစီး ရသည် ။
၈ နာရီခွဲအမှီသွားမှ နို့ မိုဆို တစီးတည်းသော ဖယ်ရီမမှီရင် ခက်ရချည်ရဲ့ ။
သန်လျှင်တံတားကိုဖြတ်သန်းတိုက်ခိုက်နေသော မနက်ခင်းလေနုအေးက စိတ်ကို လန်းဆန်းစေသည် ။
သန်လျှင်ဂိတ်ရောက်တော့ အချိန်နည်းနည်းတောင် စောနေသေးတယ် ။ ဖယ်ရီကားဘေးမှာ ရပ်ပြီး
ဆေးလိပ်ထုတ်သောက်နေမိတယ် ။ သူမကရော ဆေးလိပ်သောက်တာကြိုက်ပါ့မလားမသိ ။
သူမတို့ ပတ်ဝန်ကျင်ကလူများကတော့ လူစိမ်းတစ်ယောက်မို့  ကွက်ကြည့်ကွက်ကြည့်နဲ့  ။
သူတို့ ပြောဆိုနေသော စကားများသည် ကျွန်တော့်အဖို့ တော့
အသစ်အဆန်းများသာဖြစ်ဖြစ်နေတော့သည် ။ အင်း နောက်တော့ ရင်းနှီးသွားမှာပါလေ ။
"အောက်တော"
နာမည်ကြားတာနဲ့ တင် ပတ်ဝန်းကျင်ကို ပုံဖော်လို့ ရလောက်သည် ။ ကွမ်းယာဆိုင်လေး ၂ ဆိုင် နဲ့ 
jetty တစ်ခု ၊သဗ္ဗာန်လှေလေး ၄၊၅ စင်း ၊ ဆိုင်ကယ်ကယ်ရီသမားတချို့  ။
စည်ကားနေတာဆိုလို့  ရန်ကုန်မြစ်ဝက တိုက်ခိုက်လာသော လေများသာရှိလေသည်။
ကောင်းလေစွ ။ ပျော်ရာမနေ တော်ရာနေ ဆိုသော စကားသည် ထိုနေရာတွင် ကိုယ့်ကိုကိုယ်နှစ်သိမ့်ဖို့ 
အကောင်းမွန်ဆုံးစကားဘဲ ။ ခဏနေရင် မိကျောင်းလာလိမ့်မယ် အီးအိုလေး ( EO ) ဆိုပြီး
လာပြောတဲ့စကားကြောင့် တချက်တောင် လန့် သွားတယ် ။
ဒီနေရာကမိကျောင်းတွေရှိတယ်လားပေါ့ ။ နောက်မှ ferry boat ကို ပြောတာဖြစ်ကြောင်း
သိလိုက်ရတယ် ။ နောင်တွင် ထိုမိကျောင်းသည် လေဘာတီ ဆိုသော ကမ်းတက်ခွင့်ကို ဖြည့်ဆည်းပေးနိုင်သော မိကျောင်းလိမ္မာလေးဖြစ်ကြောင်း ထိုအချိန်တုန်းက ကျွန်တော် မသိပေ ။
သူမဘယ်နေရာလောက်မှာရှိမလဲ သိချင်စိတ်နဲ့ မေးကြည့်မိတယ် ။ ထိုသူက ဘွိုင် ( bouy )နံပါတ် ၅ မှာ
ချည်ထားတယ်တဲ့ ။ အဲဒီ့  ဘွိုင်နံပါတ် ၅ ဆိုတာကြီးက အပြောကျယ်လှတဲ့ ဒီမြစ်ဝမှာ ဘယ်လိုရှာရမလဲ ။ ထားတော့
ခပ်တည်တည်နဲ့  အင်းအင်း လုပ်လိုက်ရတယ် ။
ဟန်ကိုယ့်ဖို့ ဆိုတဲ့ စကားကလည်းရှိသေးတယ်မဟုတ်လား ။
ခဏကြာတော့ မိကျောင်းက ဆူဆူညံညံနဲ့  jetty ဘေးလာကပ်တယ် ။ မိုးတွင်းမို့  လှိုင်းလေးက နည်းနည်းရှိနေတယ် ။
လှေအဆင်း မြင်းအတက် ဘဲလေ ။ ဆင်းမှအန္တရယ်များတာပါ တတ်တာတော့ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး
တတ်ထိုင်လိုက်တယ် ။ ဥသြ ၃ ချက်ဆွဲပြီး ကမ်းကနေခွါကာ သူမရှိရာ ဘွိုင်နံပါတ် ၅ သို့ ခုတ်မောင်းနေလေပြီ ။
ရင်ခုန်လိုက်တာတော့ ဆိုဖွယ်မရှိ ။ စက်ခန်းထဲဝင်ပြီး ၀တ်စုံထုတ်လဲ လိုက်တယ် ။
ကြယ်ဖြူတစ်လုံး၊ကျောက်ဆူးတစ်လက်လက်မောင်းတံဆိပ်နဲ့  ၀တ်စုံပြာပြာသည်ကိုယ့်ကိုကိုယ် ယုံကြည်မှူတိုးစေတာအမှန် ။
သူမ၀မ်းဗိုက်ဘေးကို မိကျောင်းက ညင်ညင်သာသာ ကပ်လိုက်သည် ။
ကျွန်တော်သည် ကျားသစ်ပျိုမရှေ့ တွင် ရောက်နေသော ယုန်ငယ်သဖွယ် လွန်စွာသေးငယ်ကာ ပျောက်ကွယ်မတတ် ။
သူမသည် ကြီးကျယ်ခမ်းနားလွန်းလှသည် ။ အေးဆေးတည်ငြိမ်လှသည် ။
သူမသည်ကျွန်တော့်ထက်များစွာအသက်ကြီးရင့်သူဖြစ်ကြောင်း သူမအသားအရေများက ဖော်ပြနေလေသည် ။
 သို့ သော်သူမသည် လုံလောက်စွာ တောက်ပနေဆဲ ၊ နုပျိုလတ်ဆတ်နေဆဲပင် ။
သူမ၏ သင်္ဘောဆေးရောင် ၀တ်စုံသည် ကျွန်တော် တသက်မမေ့နိုင်သော ဖက်ရှင်တစ်ခု ။
သူမ၏ သွယ်လျှလျှကိုယ်လုံးရှည်ရှည်သည် ရေလှိုင်းများကြားတွင် လျှင်လျှင်မြန်မြန် လှုပ်ရှားနိုင်သော
ပြယုဂ်တစ်ခု ။ သူမစွဲကိုင်သော လက်နက်များသည် သူမရင်ခွင်တွင် ခိုလှူံကြသူတို့ အား လုံခြုံဘေးကင်းစွာ
အကာအကွယ်ပေးနိုင်သော အစွမ်းသတ္တိအပြည့် ။ သူမ အပေါ်ယံရုပ်ပုံလွှာကောက်ကြောင်းကို ကျွန်တော် ပထမဆုံး
အကြည့်တစ်ချက်နဲ့ တင် မြတ်နိုးမိသွားတော့သည် ။ သူမ ဦးပိုင်းထိပ်ကို သွားပြီး လေကိုတ၀ကြီးရှူသွင်းလိုက်တယ် ။
သူမအတွင်းပိုင်းဖွဲ့ စည်းပုံသည် ရှူပ်ထွေးသော်လည်း စနစ်ကျလှသည် ။ သူမ နှလုံးသားသည် ဗီပုံစံ ဆလင်ဒါ
ဆယ့်ခြောက်လုံး V16 အမျိုးအစားဖြစ်သည် ။ သူမ နှလုံးသားကို ဖတ်တတ်အောင် ကျွန်တော် အချိန်များစွာ
ယူရပေအုန်းမည် ။ သူမ ၀မ်းဗိုက်အတွင်း လှည့်ပတ်စစ်ဆေးတော့ သူမသည် ဘယ်ညာလူးလှိမ့်ကာ ပေါ့ပေါ့ပါးပါး
ရမ်းခါနေလေသည် ။ သူမသည် သိမ်မွေ့ လွန်းလှပါကလား ။
ကျွန်တော့်အတွက်ရသော ၂ ထပ်အိပ်စင်ခန်းသည် သူမကိုယ်လုံးသွယ်သွယ်နဲ့ စာရင်
သေးငယ်တယ်ပြောလို့ တော့မရပေ ။ ပစ္စည်းများကို နေရာချ ၊ အိပ်စင်ပေါ်တွင် လှဲချလိုက်သည် ။
လရောင်သည် ပြတင်းပေါက် ၀ိုင်းဝိုင်းသေးသေးလေးမှတဆင့် အိပ်စင်ဘေးကို ဖြာကျနေသည် ။
သူမ နံဘေးကို ရိုက်ခတ်ကျီစယ်နေသော လှိုင်းပုတ်သံက ပရမ်းပတာမနိုင်လှဘဲ စည်းချက်ကျကျကြားနေရသည် ။
ထိုညတွင် သူမနှင့် ကျွန်တော်သည် မက်ခဲ့ဖူးသော အိမ်မက်အတိုင်း လှိုင်းကြက်ခွပ်များပေါ်တွင် စီးမျှောနေတော့သည် ။
( သူမသည် ကျွန်တော် ပထမဆုံးတာဝန်ကျဖူးသော စစ်ရေယာဉ် နံပါတ် ၄၁ ( ရန်တိုင်းအောင် ) အား ရည်ညွှန်းပါသည် ။ )
Saturday, July 2, 2011
+---ခံစားမှူ ဒဏ်ခံကြိုးများ ----+
ကလင် ကလင် ကလင် ....
မုန့် စားဆင်းပြန်တက် ခေါင်းလောင်းထိုးတော့ သူမျက်နှာအလိုမကျဖြစ်နေသည် ။
သူ့ သူငယ်ချင်းတစ်ယောက်ကြွားလိုက်သော ဟန်ဆက်အသစ်လေးကို ခုထိမျက်စိထဲကမထွက်။
 အရင်က သူငယ်ချင်းများကြားတွင် သူ့ ဖုန်းလေးက အလှဆုံး .. ဈေးအကြီးဆုံး...။
ခုတော့ သူ့ ထက်သာတဲ့လူပေါ်လာပြီ ။ ကျောင်းလွှတ်တာနဲ့  မာမီ့ကိုပူဆာရမယ် ။
အတန်းပြင်ကိုကြည့်လိုက်တော့မိုးက တဖြည်းဖြည်း
အုံ့ နေရာကနေ သည်းသည်းမည်းမည်းရွာလာပြီ ။ ထမင်းချိုင့်၊ရေဗူးနဲ့ အတူထည့်ပေးလိုက်တဲ့ မိုးကာလေးကို တချက်စမ်းလိုက်တယ် ။
မိုးကတော့သည်းနေဆဲ ...။
               +-------------------------------------------------+
တီ တီ တီ.....
ကားဟွန်းသံကြားကနေ လမ်းဖြတ်ကူးလိုက်တယ် ။ မိုးကလည်း သည်းလိုက်တာ။
ပါလာတဲ့ တာလပတ်စ ၂ ခုထဲက တစ်ခုကို အမြန်ထုတ်
ဂျာနယ်များကို ရေမစိုအောင် အရင်ဖုံးပြီး ကိုယ်ပေါ်မှာ တခု အဆင်ပြေသလို ခြုံလိုက်ရတယ် ။
ညနေကျောင်းဆင်းချိန်ဆို ဒီမြို့ ထဲက ကျောင်းဘက်(သူဋ္ဌေးကျောင်း သူများတွေခေါ်တဲ့အတိုင်းခေါ်ရရင်ပေါ့ )
ဘက်မှာ ဂျာနယ်တွေအရောင်းသွက်တယ် ။
ကျောင်းလာကြိုကျတဲ့ ကားကြီးကားငယ်အသွယ်သွယ်ထဲက အပျင်းဖြေဖတ်တတ်ကြတယ် ။
အမေနေမကောင်းရင် သူလည်းအလိုလိုကျောင်းပျက်တော့တယ် ။"ဒီခေတ်ကုန်ဈေးနှူန်းနဲ့ တော့"
ဆိုတဲ့ အမေ့စကားသည် သူနေတိုင်းကြားနေရတဲ့ ဓါတ်ပြားဟောင်းကြီးတစ်ချပ် ။
ကျောင်းထဲက စာသင်သံတွေ လေပြင်းနဲ့ အတူပါပါလာတိုင်း သူမျက်နှာက မသာမယာဖြစ်ဖြစ်သွားသည် ။
မိုးကတော့ သည်းနေဆဲ ....။
                 +------------------------------------------------+
ကလင် ကလင် ကလင်   ....                              
ကျောင်းဆင်းခေါင်းလောင်းထိုးထိုးချင်း အမြန်ပြေးထွက်လာမိတယ် ။ မိုးကာကို ကပြာကယာထိုးပြီး
ကျောင်းဝင်းထဲကထွက်တော့ မာမီက ကားပေါ်ကနေ ထီးတစ်ချောင်းနဲ့ အိပဲ့အိပဲ့ဆင်းလာတုန်း ။
သူအမြန်ပြေးပြီး ကားထဲဝင်လိုက်တယ် ။ "မျက်နှာလည်းမကောင်းပါလား" မာမီပြောတော့
မုန့်စားဆင်းတုန်းက မြင်ခဲ့ရတဲ့ ဟန်းဖုန်းအကြောင်းပြောပြပြီး ဒက်ဒီ့ကိုလှမ်းမှာပေးဖို့ ပူဆာလိုက်တယ် ။
 မာမီက တချက်ပြုံးပြီး လက်ကောက်တချွင်ချွင်နဲ့ သူ့ လက်မို့ မို့ ကို နဖူးသပ်ပေးရင်း "ဒီတစ်ခါ သားဒယ်ဒီနဲ့ စကားပြောရင် ပြောပေးမယ်ဟုတ်ပီလား"
ဟုပြောမှ သူ့ မျက်နှာ ၀င်းလက်သွာသည် ။ ။ မာမီ့ ကိုတချက်ဖက်နမ်းလိုက်တယ် ။
သိပ်မကြာခင် သူပူဆာတာရတော့မယ်ဆို အတပ်သိပြီးသား .....။မီးပွိုင့်ကိုစောင့်ရင်း
ဒီနေ့  သရုပ်ပြဆရာမသင်ပေးလိုက်တဲ့ စက္ကူခေါက်နည်းကိုသတိရသွားသည် ။ ကျောင်းစာအုပ်ထဲကလည်း
မဆုတ်ဖြဲရဲတာနဲ့  အိပ်ကပ်ထဲကပိုနေသော ပိုက်ဆံထောင်တန် ၂ ရွက်ထဲက တရွက်ထုပ်ယူကာ ဟိုဘက်လှည့်ပြီး စက္ကူလှေခေါက်နေမိတယ် ။
မုန့် ဖိုးဆိုသောအရာသည် သူ့ အတွက်အမြဲလိုလိုပိုလျှံနေသောအရာပင် ။
မီးစိမ်းတော့မည် ကားမှန်ကိုအသာချပြီး လှေလေးကို ပစ်ချလိုက်သည် ။ လှေကလေးကတော့
ပလက်ဖောင်းအတိုင်းစီးနေတဲ့ ရေစီးကြောင်းထဲ မျှောပါသွားတယ် ။ အတည့်လားဇောက်ထိုးလား သူကြည့်ချိန်မရလိုက် ။
ကားက တလှိမ့်ချင်းစထွက်နေပီ ။
                 +---------------------------------------------+
တီ တီ တီ
ကားဟွန်းသံတွေ နည်းနည်းဆူစပြူလာတယ် ။ ဂျာနယ်ကတော့ရောင်းကောင်းပါရဲ့ ။ ပြသနာက ဖိနပ်သဲကြိုးအောက်က ချိတ် ။
ဖင်ပါးစပြုနေပြီဖြစ်သော ထို ရာဘာဖိနပ်သည် ဘယ်လောက်ကြာမှန်းကိုမသိတော့ ။
ဖိနပ်ပြတ်တုန်းက အမေ့ကို ပူဆာတော့ " ဟဲ့ ပိုက်ဆံဆိုတာ တွင်းထဲက နှိုက်လို့ ရတာမဟုတ်ဘူး"
ဆိုပြီး နှစ်ပေါင်းများစွာ အချဉ်ပေါင်းရောင်းလာသောကြောင့် ဆိုးဆေးစွဲနေတဲ့ အမေ့လက်ပိန်ပိန်နဲ့  ခေါင်းခေါက်ခံလိုက်ရသေးတယ် ။
ပြတ်သွားတဲ့သဲကြိုးကို ချိတ်နဲ့ တွယ်ထားရတော့ လမ်းလျှောက်ရတာ ကသိကအောက်နိုင်လှသည် ။
ပလပ်ဖောင်းဘေးက ရေစီးကြောင်းထဲ ခြေထောက်ကို မြှပ်လိုက်ဖော်လိုက် တဗွက်ဗွက်ဆော့နေရင်းက
မျှောလာတဲ့ လှေကလေးကို ကောက်မိသည် ။ကြည့်လိုက်တော့ ထောင်တန်အသစ်လေးကို ခေါက်ထားတာ ။
သူ့ မျက်နှာဝင်းလက်သွားသည် ။ လက်ထဲ ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ဘေးဘီကိုတစ်ချက်ဝေ့ကြည့်လိုက်တယ် ။
အပြန်ရပ်ကွက်ထိပ်ကကုန်စုံဆိုင်မှာ ဖိနပ်အသစ်တရံဝယ်လို့ ရပြီ ။
                +----------------------------------------+
ကားတစီးက ဘေးနားကငြိမ့်ငြိမ့်လေးလှိမ့်ထွက်သွားသည် ။
 ကားပေါ်က အဖြူအစိမ်းဝတ်ကျောင်းသားလေးမျက်နှာကလည်း ၀င်းလက်လို့  ။
ပလပ်ဖောင်းပေါ်က ဂျာနယ်လက်ပွေ့ ရောင်းတဲ့ ကောင်လေးမျက်နှာကလည်း ၀င်းလက်လို့  ................။
                " တချို့ တချို့ လူများ၏ စွန့် ပစ်ပစ္စည်းများသည်
                  တချို့ တချို့ လူများအတွက် အကြီးမားဆုံး ဆုလာဘ်ဖြစ်လို့ နေတတ်သည် "
Thursday, May 26, 2011
+---- မတ/ ----+
ပညာအရည်အချင်းမလို ၊ အိမ်ထောင်ရှိမရှိမလို
စာရင်းကိုင်မလို ၊ ရုပ်ရည်သန့် ပြန်စရာမလို
ဘွဲ့ မလို ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံချက်မလို
မလို .. မလို .. မလို ...
ခြေထောက် ၂ ဖက်က ကြွက်သားခပ်မာမာနဲ့ 
ဒီအလုပ်မှာ သူ နှစ်တစ်ချို့ ကြာခဲ့ပြီ ...
ကီလိုမီတာနဲ့ မိုင် ရဲ့ဆက်သွယ်ချက်ကို မသိ
ဒေါ်လာနဲ့  ကျပ်ရဲ့ ကွာဟချက်ကို မသိ
ကျင်လည်ရာဒေသ၏ အကွာအဝေးကို
သူကျခဲ့တဲ့ချွေးစက်တို့ နဲ့ တွက်ချက်
ဈေးဆစ်တတ်တဲ့ လူကုံထုံရပ်ကွက်မှာ
နဂိုကျသင့်နှုန်းထက် ပိုပိုသာသာတော့ပြောတတ်လာပြီ ....
အော်ဒီ ၊ ဖို့ ဒ် ၊ မာစီဒီး မော်ဒယ်တို့ ကိုသူနားမလည်
အုံနာပေးလိုက်တဲ့ တာယာဘီး ၃ ဘီးသည်
မကြာခဏ ကွဲတတ်သော အမျိုးအစားဖြစ်ကြောင်းတော့
သူကောင်းကောင်း နားလည်သည် ..
ဂလိုဘယ်လိုင်ဇေးရှင်းကို မသိ
ဆိုရှယ်နက်ဝက်ကင်းကို မသိ
တိုးပွါးလာတဲ့ ပါးစပ်ပေါက်တို့ အတွက်
ညမီးကင်းစောင့်ရင်း ဆိုဆိုနေတတ်တဲ့
"ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်" သီချင်းကိုတော့
သူဌာန်ကရိုဏ်းကျကျ ညည်းဆိုတတ်တယ် ...
ဂိတ်ရင်း နဲ့  ဂိတ်ဖျား ကြားမှာ
အနာဂတ်တို့ က ( သူချိတ်ထားတဲ့ တုံကင်ပြားလို )အစဉ်လိုက်သွားရင်း
ခရီးသည်မလာခင် ဖွာဖွာနေတတ်တဲ့
ဆေးပေါ့လိပ်တိုတို အငွေ့ ထဲတွင်
စိန်စီရွှေခြယ် အိမ်မက်တို့ က အလုံးလိုက် အထွေးလိုက် ....။
( မတ/ = မြို့ တွင်းရဲ့ အတိုကောက်ဝေါဟာရ ၊ အနှေးယာဉ်လိုင်စင်တွင်အသုံးပြူသည် )
Saturday, May 21, 2011
+---- အင်းယား ---+
ခပ်တိုးတိုး ရွတ်ဆိုတိုင်း ( သူမဆိုတဲ့ကဗျာတစ်ပုဒ်ကို )
ဒဏ်ရာတွေက နက်သထက်နက်လာတယ်
လူသိသိပ်မများတဲ့ ငါ့ညတွေ
ဘယ်ကကြည့်ကြည့် မွတ်သိပ်နေဆဲပါ ....
ကန်ဘောင်ကလေတွေတိုက်တိုင်း
မိုးရွာမယ်ချည်း ထင်ထင်နေတာ
မြေသင်းနံ့ နဲ့ ရောတဲ့ သူမကိုယ်ငွေ့ ကိုတမ်းတလွန်းလို့ လား
သူမ အပြုအမူတွေကို တမ်းတလွန်းတာလား
ထပ်တူကျမယ်ထင်ခဲ့တဲ့ ကတိတွေကို တမ်းတလွန်းတာလား
သေချာတာကတော့ ဒီတမ်းတမှူမှာ
"သူမ" ဆိုတဲ့ ပညတ်ချက်တစ်ခုတော့ပါနေတယ် ...
အရင်က အကြင်နာသဲ့သဲ့နဲ့  အရိပ်အယောင်တွေကိုတွဲချိတ်
မိုးတိတ်ရင်တောင် ထီးပိတ်ဖို့ အားက ချိနဲ့ နဲ့ ရယ် ..
သူမ  ရှိနေတုန်း ကာလသုံးပါးကိုမေ့
ငါဆိုတာကိုလည်း မေ့
ယုတ်စွအဆုံး
ဂျက်ဆင် နဲ့  ရေတမာတွေတောင် ငါမေ့နေတယ် ...
ခုံတန်းတွေမှာ ရေးခြစ်ရာတွေများလာတယ်
ကြော်ငြာစာလုံးတွေ တစ်ခုပြီးတစ်ခုပြောင်းပြောင်းလာတယ်
ကွယ်ထားတဲ့ထီးတွေမှာ ယူဗီပရိုတတ်ရှင်းတွေပါလာတယ်
သစ်ပုတ်ပင်က ထိန်းသိမ်းခံလာရတယ်
ဝင်ကြေးတွေဈေးတတ်လာတယ်
တိုက်ခတ်တဲ့လေက ကာဗွန်တွေပိုပိုပါလာတယ်....
ငါကရော
၁ ကနေ ၃၁ ကြားထဲက ဂဏန်းတစ်ခုကိုအသေမှတ်
မိုးစက်တွေအောက်
တစ်ကိုယ်လုံးရွှဲနစ်နေတာတောင်
အချိန်တန်ရင် သူမလာအုပ်မိုးပေးမယ့်လက်တစ်စုံကို
ခိုက်ခိုက်တုန်နေတဲ့ကြားက
( မရေမရာလေး ) မျှော်နေမိတုန်းဘဲ ...။
Wednesday, May 18, 2011
+--- သူစိမ်းတို့ ရဲ့ မြို့ တစ်မြို့ အကြောင်း ---+
ထိုမြို့ တွင် 
ဘာဂါကိုလာဝိုင်ပါမုန့် နဲ့  ၀က်ပေါင်ခြောက်တို့  ခေတ်စားတယ်
အဆီလျော့နို့ နဲ့  ဘော်ကာတို့ ခေတ်စားတယ်
လူအခွင့်အရေးခေတ်စားတယ်
မြေအောက်ရထား ဗုံးခွဲတာခေတ်စားတယ်
လည်ရှည်ဖိနပ် အသားကပ်နဲ့  စကက်တိုတို့ ခေတ်စားတယ်
ပုရှကင် ၊ လီနင် နဲ့  ပူတင်တို့  ခေတ်စားတယ်
တန်းစီစနစ် ခေတ်စားတယ်
သြော် ထိပ်တန်းဆိုတာတွေ
ပညာရေးလား
အိပ်ပျက်တာထက်မပိုဘူး
သယ်သူပို့ ဆောင်ရေးလား
ရေခဲသေတ္တာကို ဘီးတပ်ထာထက်မပိုဘူး
စူပါမားကတ်လား
အစွန်းထွက် အကြွေစေ့နှိုက်ရှာရတာထက်မပိုဘူး
နေထိုင်ရေးလား
အဆောင်ကဒ်ပြ၀င်တာထက်မပိုဘူး ...
နှင်းတွေအဆုပ်လိုက် လူတွေအုပ်လိုက်ကြားမှာ
နှာဖျားနွေးယုံ မီးခိုးငွေ့ ကိုမှူတ်ထုတ်
သူစိမ်းတွေရဲ့ မြို့ ကြီးမှာ လမ်းပျောက်
ငါ အိမ်မက်ထဲ လမ်းလျှောက်နေတယ် ...။
+--- နင့်ကိုမုန်းတယ် အန်နာ ---+
ရောင်စုံဆလိုက်တွေနဲ့  တီးလုံးမြူးကြွကြွတွေထဲ
သူ့ နှူတ်ခမ်းလောက် ဘယ်အရာမှ မမူးယစ်စေဘူးဆိုဘဲ 
ဟုတ်တယ် နင့်နှူတ်ခမ်းဖူးဖူးလေးတွေ
ခုထိ အရှိန်မသေသေးဘူးဘဲ 
ငါကတော့ အရောင်မဲ့ရေတစ်ခွက်နဲ့ 
အန်တီဘိုင်အိုတစ်ဆေးလုံးရောင်စုံတွေကြား
 တစ်ညလုံး မူးဝေနောက်ကျိနေခဲ့တာ .....
ခပ်ဖြောင့်ဖြောင့် ငနှဲ ၂ပွေလောက်ကို
တစ်ညတည်းတွဲကြည့်တာ မဆိုးဘူးဆိုဘဲ
ဟုတ်တယ် နင့်ည၀တ်အကျီမှာ
ရနံတွေက ခုထိမပျယ်သေးဘူးဘဲ
ငါကတော့ အေးစက်စက်ဖက်လုံးတစ်လုံးနဲ့ 
တစ်ညလုံး အထီးကျန်နေခဲ့တာ ....
ဂရုစိုက်ပါနာတာရှာ တဲ့
ငါ့နဖူးကို ကိုင်းညွတ်နမ်းတဲ့နင့်အနမ်းထက်
ဗလာကျင်းထားတဲ့ နင့်ရင်ညွန့်ကို ငါသဘောကျတယ်
ငါကတော့ လည်ပင်းတောင်မပေါ်အောင် အနွေးထည်ထူထူဝတ်လို့ 
နွေရာသီတိုင်း နေပူစာမလှုံရတာ ဘယ်လောက်ကြာခဲ့ပြီလဲ ..
ခပ်သွက်သွက်လှမ်းထွက်သွားတဲ နောက်ကျောတစ်စုံမှာ
နတ်ဘုရားမ အက်ဖရိုဒိုက်နေထိုင်သလား
ခပ်ဟဟပွင့်နေတဲ့ တံခါးကလေက
ငါ့ကိုနာကျင်ကိုက်ခဲစေတယ်
လွန်ခဲ့တဲ့ တနှစ်နီးပါးက နောက်ဆုံးတင်ခဲ့တဲ့လက်သည်းနီအရောင်သည်
ခရမ်းတောက်တောက်လား အနီရဲရဲလားစဉ်းစားရင်း
တံခါးလက်ကိုင်ကို တွန်းပိတ်မိတယ်
နင့်ကို မုန်းတယ် အန်နာ ....။။။။။။။။။။။။။။ 
( မကျန်းမာသော မိန်းမတစ်ယောက်ရဲ့ ခံစားချက်မျိုး အနီးစပ်ဆုံးတူအောင် ကျွန်တော့်အမြင်နဲ့ ရေးထားတာပါ )
+--- မေ့လျော့ထားသော အမှတ်တရများ ---+
အဆောင်မှာ ဂစ်တာတွေတီးကျတိုင်း ရည်ရွယ်သူတစ်ယောက်ကိုလည်းကောင်း
တစ်ယောက်တစ်ဖွာသောက်ခဲ့သော စီးကရက်တစ်လိပ်ကိုလည်းကောင်း
အဋ္ဌမတန်းသင်္ချာစာအုပ်ကြားမှ စွယ်တော်တစ်ရွက်ကိုလည်းကောင်း
သုံးမရလို့  စွန့် ကြဲခဲ့သော ဆယ်တန် ၁ ရွက်ကိုလည်းကောင်း
ဒေးလ်ကာနက်ဂျီ၏ မိတ္တဗလဋီကာစာအုပ်ကိုလည်းကောင်း
မတော်တော့သော တီရှပ်တစ်ထည်ကိုလည်းကောင်း
မပျော်တော့သော ဘဝတစ်ခုကိုလည်းကောင်း
ခေါ်မရသော ဖုန်းနံပါတ်တစ်ခုကိုလည်းကောင်း
အလျှော်မရသော လောင်းကြေးတစ်ခုကိုလည်းကောင်း
တွက်မရသော ပုစ္ဆာတစ်ပုဒ်ကိုလည်းကောင်း
ဖတ်မရသော ဘာသာတစ်ခုကိုလည်းကောင်း
သွားခဲ့သောနေရာ အတော်များများ
စားခဲ့သောအရာ တော်တော်များများ
ကြွားခဲ့သော အထာတော်တော်များများ 
များခဲ့သော စကားတော်တော်များများ
တွေးခဲ့သော အရာတွေ
ရေးခဲ့သော ကဗျာတွေ
ဟုတ်တယ် 
ကိုယ်အဲ့အရာတော်တော်များများကို
မှတ်မှတ်ရရကို မေ့ထားလိုက်ပြီ ...။
+--- မျက်နှာဖုံးမဲ့ပတ်ဝန်းကျင် ---+
မသေခင် ဂရုဏာဒေါသောနဲ့  ပြောဆိုမယ့်သူတွေရှိတယ် ( နားတော့နည်းနည်းခါးချင်ခါးမယ် )
သေပြီးမှ အသည်းအသန်ငိုမယ့် လူတွေရှိတယ် ( ထပ်တူထပ်မျှဝမ်းနည်းပါကြောင်း )
ဖက်တွယ်ထားတဲ့ဘဝကို 
ဟန်ချက်ညီညီလျှောက်နေသူတွေ
တွေဝေတွန့် ဆုတ်နေသူတွေ
လမ်းခုလတ်မှာ လက်အံသေသူတွေ
ပျက်အစဉ် ပြင်ခဏနဲ့  ခဏခဏပျက်နေသူတွေ
ဘဝက ယစ်မူးစရာကောင်းသလိုလိုနဲ့ 
မူးယစ်နေကြရတာဘဲလေ....
အကျိုးလိုလို့  ညောင်ရေသွန်းတဲ့ မျက်နှာသာပေးမှူထက်
အချင်းချင်း ကောင်းကျိုးအတွက်
တိုးတိုးတိတ်တိတ် လူမုန်းခံခဲ့ကြတာကို
ငါတို့ ပိုမက်မောခဲ့ကြတယ် မဟုတ်လား ...
ပျော်စရာတွေဆိတ်သုဉ်းလို့  သောကအပူတွေရှိနေချိန်တောင်
တစ်ယောက်ကိုတစ်ယောက် မလောင်ကျွမ်းစေဘဲ
( ဒီအပူလေးနဲ့  )တဖျက်ဖျက်တောတ်ပနေနိုင်ခဲ့တာဘဲ ...
လဲပြိုကျခဲ့ရင်တောင် နာကျင်စရာမြေပြင်ကို သတိမရဘူး
မင်းတို့ ရဲ့ ဂရုဏာအကြည့်တစ်ချက်နဲ့ ဖေးမခဲ့တဲ့လက်တစ်စုံကိုဘဲ သတိရမယ် ...
ကျေးဇူးပါ သူငယ်ချင်း
မျက်နှာဖုံးများတဲ့ပတ်ဝန်းကျင်မှာ
ငါတို့  အတူ မျက်နှာပြောင်တိုက်ရဲခဲ့ကြတာကိုပေါ့ ....။
+--- အာနိသင် ---+
ချိုမြိန်ခြင်းသည် သူမပေးသော ပန်းသီးတစ်လုံးမှ
အစပြုခဲ့လျှင် ခါးသက်ခြင်းသည်လည်း
ထိုပန်းသီးကို ခွဲကျွေးသော အဆိပ်လူးဓါးမှအစပြုသည်
တခါသောက် လက်ဖက်ခြောက်ထုပ်လို
သဘောထားတယ်ပြောအုန်းမလား
ရက်ပေါင်း ၁၅၀ ကျော် ပျော်ဝင်လာတာ
ငါ့နှလုံးသွေးတွေချည်းဘဲ
ခုတော့ ဒါဏ်ရာဗလပွနဲ့ သွေးဆုတ်နေခဲ့ပြီ
ဖြူလွှလွှအရာတခုလို အမည်မဖော်နိုင်တော့တဲ့
အရာတခုဘဲ ဘယ်ဘက်ရင်အုံမှာ
အသက်ငင်နေလေရဲ့ .
ပေးပါအုန်းလား မျှော်လင့်ခြင်းတွေ
အပေါ်ယံအလေးထားမှူတွေ
လူတယောက်ရဲ့လေးနက်မှူကို
ဘာမှမဖြစ်လောက်ပါဘူးဆိုတဲ့အ
တွေးလေးလောက်နဲ့ 
လျစ်လျှူရှူ့ တတ်တဲ့မင်း
ဒီအာနိသင်တွေ မစူးပါစေနဲ့ လို့ ဘဲ ....။
+---- ကြံရည်လား ကျန်ရည်လား ---+
စက်ဆီဝနေတဲ့ ဒလိမ့်တုံးတွေလောက်တော့
အိပ်စက်ရာဖဲမွေ့ ယာလို သဘောထား
ကျွန်မလေ
ခေါင်းလေးတိုးဝင် အိပ်စက်တတ်တယ် .....။
ကျွန်မကိုတော့ အရွယ်သုံးပါး ပျော်ပျော်ပါးပါး သောက်သုံးကြလေရဲ့
အဖိုးကြီးတွေကလည်း ရံဖန်ရံခါ ...
လူရွယ်လူလတ်တွေကလည်း ပူလောင်လာကြရင် 
တခါတခါ 
နိုင်ငံခြားသားတွေတောင် လက်တည့်စမ်းကြသေးသပေါ့ 
ကြိုက်ကြတာပေါ့ 
ကျွန်မက ချိုပေမယ့် ဈေးပေါတဲ့ ကြံရည်ကိုးရှင့် ....။
အချိုရည်ကုန်ုလို့  အမှိုက်ပုံးထဲရောက်လည်း
ဝမ်းနည်းစရာမရှိလောက်ပါဘူး
အကြွင်းအကျန်အစက်လေးတွေ စုပ်ယူစားသုံးမယ့်
ယင်မဲတစ်အုပ်နဲ့  ဟိုမှာ အသင့်ရှိတယ်မဟုတ်လားရှင် .....။
+---- အလွမ်းသင့်စွယ်တော် ----+
ထိုအထဲတွင် မုသားများပါခဲ့လိမ့်မည် ။
တချို့ တချို့ တွေက ကြွေ
ထိုအထဲတွင် အချစ်စစ်တို့ ပါခဲ့လိမ့်မည် ။
အစိမ်းလိုက်ပြန်ဆွဲနှုတ်မယ့် ဆူးတစ်ချောင်းဆို
ရင်ခွင်ကို ထုတ်ချင်ခတ်အောင် ဘာလို့ များ ဘာလို့ များ ...
သွေးစက်စက်ကျမယ့် ဒီဒဏ်ရာအတွက်
ဖုံးကွယ်ခြင်း မေ့ဆေးပေးခဲ့တာကိုတော့
အပြစ်မတင်ရက်ဘူး ....
မိုးသည်းတဲ့ အေးစက်ညတွေ
လေပြေညှင်းနဲ့  နေခြည်နွေးနေ့ တွေ
ငါတို့ ကျော်ဖြတ်ခဲ့နိုင်ခဲ့တယ်မဟုတ်လား
ကိန်းဂဏန်းအဆိပ်လူးတဲ့ဓါးနဲ့ 
မျက်နှာနှစ်ဖက်ဗီလိန်ကိုရော 
ငါတို့  ????????
စိတ်ကူးယဉ်အိမ်မက်တို့ ဖြင့်သာ
ပြဌာန်းခွင့်ရှိသော ထိုပုစ္ဆာမှာတော့
မင်းနဲ့ ငါဟာ ချစ်ခြင်းဖြင့်တွယ်ဆက်ထားသော
အလွမ်းသင့် စွယ်တော်တခြမ်းစီမျှသာပါကွာ ....။
+--- ကြွေလွင့်ခြင်း ---+
သစ်ပင်က ကြွေကျပြီးတဲ့သစ်ရွက်က အမှိုက်တဲ့
ဖြစ်တည်မှူကွာဟရင် 
အခေါ်အဝေါ်တွေကလည်း မနီးစပ်တော့ဘူး
ကိုယ့်တို့ နှလုံးသားက ကြွေကျသွားတဲ့ အချစ်ကိုတော့
နီးနီးစပ်စပ်ဘဲ နာမည်ပြန်ပေးချင်တယ် ... ( ကိုယ့်ရူးသွပ်မှူတစ်ခုပေါ့လေ )
ကိုယ်သိသလို မင်းလည်းသိပါတယ် 
ကြွေကျတာချင်းအတူတူ နယူတန်ဘေးနားကျတဲ့
ပန်းသီးတစ်လုံးက ပိုအဖိုးတန်သလို
အမုန်းတရား ၊ အဃာတတွေ မပါတဲ့
ကြွေကျခြင်းမျိုးနဲ့ 
ကိုယ်တို့ လွင့်မျောကြတာပေါ့..
ပေါင်းစပ်ခွင့်မရှိတဲ့ ချစ်ခြင်းက
ဒါဏ်ခတ်ခံရခြင်းတစ်မျိုးဆို
ကိုယ်တို့ ဟာ အချိန်ကာလအတော်ကြာ
ပြုစားခံရတဲ့ သားကောင်တစ်ချို ..
တစ်ချိန်ချိန်တော့ တစ်နေရာရာဆီမှာ လှဲလျောင်းမယ်
နားလည်မှူရေချိန်ညီတဲ့ မျက်နှာသွင်ပြင်တစ်ခုဆီမှာပေါ့ ......။
+---- ကြယ်ခူးတဲ့ကဗျာ ----+
ဘ၀ထဲက သက်တန့် လေးတစ်ခု ခဏတောက်ပဖို့ 
မိုးရေမှူန်တွေကို နေရောင်ခြည်နဲ့  အဆိပ်ငွေ့ ပေးသတ်
ငါဟာ 
တစ်မီလီမီတာအောက်ထုရှိတဲ့ မိုးရေစက်တွေကို မသနားတတ်ခဲ့ဘူး....
နက္ခတ်စုံတဲ့ကောင်းကင်လား
အလှမ်းဝေးလွန်းပါတယ်ကွာ
ဒီကောင်းကင်က ကြယ်လေး တစ်လုံးစ နှစ်လုံးစ မကွယ်ပျောက်ဖို့ 
ငါ့မျက်တောင်တွေ မှိတ်ချင်တိုင်း မမှိတ်ခဲ့ရတာ
ဘယ်လောက်တောင်ကြာခဲ့ပြီလဲ .....
အရောင်ဖျော့ အမှောင်တွေထဲဘဲ 
စိတ်သန့် သန့် လျောက်လှမ်းချင်သော်လည်း
ကြယ်ခူးတဲ့လူတွေကြားမှာ ပိုက်ကွန်တစ်ခုတော့ ကိုင်သွားသင့်တာပေါ့လေ ...
ဒီလိုနဲ့ ဘဲ ဘ၀မှာ မဖြစ်နိုင်ဘူး ဆိုတာတွေ နည်းနည်းလာတယ်
ဟူးးး
ဘာကိုမှ မတွေးမိရင်ပေါ့လေ ......။
+--- ဆက်ထုံးသီအိုရီ ----+
ညသည် လေအေးနှင့် ဆောင်းဦးရွက်ဝါတို့  ကိုယ်လက်နှီးနှောသံမှတပါး အေးစက်တိတ်ဆိတ်နေသည် ။
ဝရန်တာ၏ လက်ရန်းများက အေးစက်စက် ၊ ထိတွေ့ နေသော လေက အေးစက်စက် ၊ လက်ထဲက
ပုလင်းက အေးစက်စက် ၊ယုတ်စွအဆုံး စီးကရက်ဖင်စီခံကတောင် အေးစက်စက်၊
ဆူပွက်နေသော နှလုံးသွေးစီးဆင်းမှူက လွဲလို့  အရာ အားလုံးသည် အေးစက်ခြင်းနှင့် ကပ်ငြိလျှက်သာ ။
ထိုသို့ သော ညမျိုးကို သူ လုံးဝကို စက်ဆုပ်မုန်းတီးသည် ။
ချွင်ခနဲ မီးခြစ်အဖုံးဖွင့်သံသည် တရင်းတနှီးရှိလှသည် ။
ပျော်ပွဲစားထွက်တုန်းက ၀ယ်လာသော ထိုမီးခြစ်ကို စိတ်ညစ်တဲ့အခါတိုင်း ထုတ်ထုတ်သုံးမိခြင်းကိုကကမောက်ကမနိုင်လှသည် ။
မှောင်မိုက်လှသော ထိုနေရာတွင် မီးခြစ်အလင်းရောင်တွင် ဒေါသ နှင့် စိတ်ထိခိုက်ခြင်းရောနေသော ၊မှောင်မိုက်ခြင်းသည် အဖော်ဆိုလျှင် အထီးကျန်မဆန်လွန်းသေးပါလားဟူသောအတွေးနှင့် သူ မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည် ။
အဓိပ္ပါယ်ရှူပ်ထွေးလှသော အချစ် က သူ့ အတွက်တော့ " သူမ " ဆိုသော စကားလုံးဖြင့် ပြည့်စုံသည် ၊ ကျေနပ်သည် ၊ လောက်ငှသည် ။
သူမက ရူးမိုက်စွာ ငါးစာမပါဘဲ ချိတ်ချည်းသက်သက် ထိုင်မျှားစေအုန်းတော့ ထိုချိတ်ကို ဟပ်မည့်ငါးမှာ သူသာဖြစ်သည် ။
သူမ၏ အလေးမထားမှူ ကို သူ တူးခါးသည် ။
လျစ်လျူရှူမှူ့ ကို ( မသိလိုက် မသိဖာသာ လုပ်မိတာလည်း ဖြစ်ချင်ဖြစ်မည် ) သူ တူးခါးသည် ။
သူမ၏ တောင်းပန်ပါတယ်ဆိုသောစကားကို တူးခါးသည် ( ထပ်မကြားချင်လောက်အောင် မုန်းသည် ) ။
သူမကို ထိခိုက်စေမည့်အရာမျိုးကို သူရှောင်းရှားချိန်မှာ သူမသည် ဘာကြောင့်များ
အပြန်အလှန်သဘောတရားကို လျစ်လျှူရှူထားသလဲဆိုတာ နားလည်ရခက်လှသည် ။
သူမအတွက် သူ့ လက်များသည် ကဗျာရေးတဲ့အထိ နူးညံ့ဘူးသလို ၊ နံရံကို ထိုးတဲ့အထိလည်း ကြမ်းတမ်းဘူးခဲ့ပြီ ။
ခွဲခွါခြင်းကို မလိုလားသူ သူ့ အတွက် သူမ ကတိများသည်သာ ဆုပ်ကိုင်ရာ ၊ မျှော်ကိုးရာ ။
မီးတောက်က လေအေးတချက်အဝှေ့ မှာ ဇီဝိန်ကြွေသွားသည် ။
ထိုသို့ သော ညမျိုးကို သူ လုံးဝ စက်ဆုပ်မုန်းတီးသည် ။
ညသည် လေအေးနှင့် ဆောင်းဦးရွက်ဝါတို့  ကိုယ်လက်နှီးနှောသံမှတပါး အေးစက်တိတ်ဆိတ်နေသည် ။
+--- ကမ္ဘာကြီးတစ်ခုလုံး စစ်မဖြစ်တဲ့အချိန်မှာ သွန်းလုပ်တဲ့ ဓါးတစ်ချောင်း ---+
ချစ်သူဆံနွယ်စတို့ ကို မနမ်းရှိုက်ဘူးသော်လည်း
စူးရှပြင်းပြသတိရသောအခါ
ရနံ့ သင်းသော လေညှင်းကိုခံစား ရှူရှိုက်ရသကဲ့သို့ ...
ချစ်သူလက်များကို မဆုပ်ကိုင်ဘူးသော်လည်း
စူးရှပြင်းပြသတိရသောအခါ
သွေးခုန်နှူန်းနှင့်အတူ တုန်ခါနေသော သွေးပြန်ကြောလေးများနှင့်
နွေးထွေးသော ဆုပ်ကိုင်ခြင်းကို ခံစားရသကဲ့သို့ ...
ချစ်သူနှူတ်ခမ်းအစုံကို မထိတွေ့ ဘူးသော်လည်း
စူးရှပြင်းပြသတိရသောအခါ
ပန်းနုရောင်ရနံ့ နှင့်အတူ နူးညံ့သော အထိအတွေ့ ကို ခံစားရသကဲ့သို့ ...
ချစ်သူရင်ခွင်ထဲ မမှေးစက်ဘူးသော်လည်း
စူးရှပြင်းပြသတိရသောအခါ
ငြိမ်သက်သောညတွင် နှစ်ခြိုက်စွာအိပ်စက်ခြင်းကို ခံစားရသကဲ့သို့ ...
ချစ်သူရင်ခုန်သံကို နားမထောင်ဘူးသော်လည်း
စူးရှပြင်းပြသတိရသောအခါ
ဘယ်ဘက်ရင်အုံတွင် နှလုံးသားနှစ်ခု တပြိုင်နက်တုန်ခါနေသကဲ့သို့ ...
ထို သကဲ့သို့  များစွာထဲမှာ ပျော်ဝင်ယစ်မူးရင်း
မင်း ငါ့ကို သတိမရတဲ့အချိန်တွေတောင်
ငါ မင်းကို သတိရတောင့်တတယ် ချစ်သူ
ကမ္ဘာကြီးတစ်ခုလုံး စစ်မဖြစ်တဲ့အချိန်မှာ သွန်းလုပ်တဲ့ ဓါးတစ်ချောင်းလို
အေးငြိမ်းမှူနဲ့ ပြည့်နှက်တဲ့ အချစ်မျိုးအတွက်
မင်းရဲ့ စစ်မှန်ခိုင်မာတဲ့ တွဲလက်တစ်ဖက်ကို
ငါလေ.......
အမှန်တကယ်ကို လိုအပ်နေပြီ ချစ်သူရာ ....။
+---- ည ----+
လမင်းနားမှာ ကြယ်တစ်အုပ် ရမ်းကားတဲ့ ည ...
 (ညနေခင်းရဲ့သားချော့တေးနဲ့  နေမင်းကတော့ အိပ်တန်းတတ်သွားလေရဲ့ )
 ဝံပုလွေတွေ ပွဲတော်တည်လို့ 
 သိုးငယ်တွေ လည်စင်းခံတဲ့ည .....။
 အခိုးအငွေ့ တွေကြားက အတိုအပြတ်တွေအောက်
 တိုက်ပုံတွေ လည်စည်းတွေထက်က မျက်လုံးများ ကျက်စားတဲ့ ည .....။
 ဖန်ပြတင်းနဲ့  မာကျူရီမီးရောင်ကိုရော
 ဝါးထရံနဲ့  ရေနံဆီမီးရောင်ကိုပါ  ထိတွေ့ စေတဲ့ ည ....။
 နွေးထွေးပြည့်စုံစွာ နာမကျန်းတဲ့သူတွေရော
 အေးစက်အထီးကျန်စွာ ဖျားနာသူတွေရော ညည်းညူကြတဲ့ ည ....။
 လူကြီးလူကောင်းဆိုတဲ့သူနဲ့  တေလေဂျပိုးဆိုတဲ့သူ
 ကြမ်းတပြေး ဘေးချင်းကပ် ကျချင် ကျတတ်တဲ့ ည ...။
 အိမ်မက်ဆိုးရော အိမ်မက်ကောင်းရော မက်ကြတဲ့ည.....။
 အမှောင်ကန့် လန့် ကာနောက်မှာ
 အမှန်တရားတချို့ ပုန်းလျှိုးကွယ်လျှိုးလုပ်တဲ့ ည ....။
 ပွဲတတ်တဲ့သူကတတ်လို့  ပွဲပျက်တဲ့သူကပျက်လို့  ...
 မျက်နှာဖုံးဖျက်သူကဖျက်လို့  မျက်နှာဖုံးတပ်သူကတပ်လို့ ..
 ဟန်ဆောင်တဲ့သူကဆောင်လို့  ပြန်လှောင်တဲ့သူကလှောင်လို့ ...။
 ထပ်ဖြည့်မယ့်ခွက်ထဲမှာ
 အောင်မြင်ခြင်းရောတဲ့သူကရော ကျဆုံးခြင်းရောတဲ့သူကရောတဲ့  ည....။
 ( ဒါအရေးလားအာနိသင်ကတော့ အားလုံးကို တန်းတူဆက်ဆံတယ် ...)
 ကဲပါလေ
 နိုးထတော့လည်း မနေ့ ကကိစ္စတွေကိုမျက်နှာသစ်
 ခန္ဓာကိုယ်အဟောင်းကို လတ်ဆတ်အောင်လုပ်လို့ 
 နောက်ညအသစ်တွေထဲမှာ ဟန်မပျက်ပေါ့လေ .......။
+---- ဝိရောဓိ -----+
တကယ်ပါဘဲ....
ကဗျာကို မြတ်နိုးစွာနဲ့  သစ္စာဖောက်နေတဲ့ ကျနော်
သူများတွေထက် အပြစ်ပိုကြီးနေတယ် အစ်ကိုရာ ....။
ဝီလီယမ်ရှိတ်စပီးထားထက် ဘရစ်တနီစပီးယားကို လူသိပိုများနေမှတော့
အယ်လင်ပိုးနဲ့  လောင်းဖဲလိုး ခေတ်ပြိုင်လား မပြိုင်လား
ကျနော်မသိတာ မှားလားအစ်ကိုရာ .....။
လုပ်ချင်တာ မလုပ်ရတာထားတော့
လုပ်သင့်တာထက် လုပ်ခိုင်းတာကို လုပ်နေရတဲ့အချိန်
ဒီလက်တွေက အသွေးအသားလား ဂီယာလက်တံတွေလား
ကျနော် ဝေခွဲရခက်နေတယ် အစ်ကိုရာ....။
မောင်ချောနွယ်အတုပြောသလို
မျက်လှည့်ဆရာရဲ့ ဘင် ကိုမှ ၀ယ်ချင်တဲ့လူတွေ
အလမ္မာယ်ဆရာရဲ့ မြွေကိုမှ ၀ယ်ချင်တဲ့လူတွေ .. လူတွေ ....
ကဲ မခက်ပေဘူးလား အစ်ကိုရာ ....။
တကယ်လို့ များ ( ဒီလူတွေက )
မင်းတတ်ထားတဲ့ အသုံးမကျတာတွေ ဒါအကုန်ဘဲလားလို့ မေးလာခဲ့ရင်
ဖြေစရာ တစ်ခုကျန်ပါသေးတယ်
"ကျနော် ကဗျာလည်းရေးသေးတယ်" လို့  ...
တကယ်ပါဘဲ...
ကဗျာကို မြတ်နိုးစွာနဲ့  သစ္စာဖောက်နေတဲ့ ကျနော်
သူများတွေထက် အပြစ်ပိုကြီးနေတယ် အစ်ကိုရာ .....။
+--- စုံစမ်းမေးမြန်းခြင်းသည်းခံပါ----+
အစိမ်းတွေ နည်းလာပြီး အနီတွေများလာတယ်
 ငါတို့ တွယ်ကပ်နေတဲ့ အလုံးအ၀ိုင်းကြီးလည်း
 အခိုးတလူလူနဲ့  ပတ်ပြေးနေရ ။
 အရောင်တောက်တောက်တွေ များလာပေမယ့်
 အရောင်မွဲမွဲတွေကလည်း လျော့မသွားပါဘူး
 သူ့ အလွှာနဲ့ သူသာ သားပေါက်(သားဖောက်)ကြတယ် ။
 အဖြူတွေ နည်းလာပြီး အနက်တွေများလာတယ်
 စား ၊ ဝတ် ၊ နေ မဟာမိတ်တို့ ထိုးစစ်ပြင်းလွန်းတော့လည်း
 ကိုယ်ကျင့်တရားတို့  ခြေကုန်လက်ပန်းကျ ။
 ခင်ဗျာ ဟီရိ ၊ သြတ္တပ္ပ ဟုတ်လား !
 သူတို့  ဒီမှာမနေတာ တော်တော်ကြာသွားပြီဘဲ
 စုံစမ်းမေးမြန်းခြင်းသည်းခံပါ ..............။.