Wednesday, May 18, 2011
+--- ဆက်ထုံးသီအိုရီ ----+
ညသည် လေအေးနှင့် ဆောင်းဦးရွက်ဝါတို့  ကိုယ်လက်နှီးနှောသံမှတပါး အေးစက်တိတ်ဆိတ်နေသည် ။
ဝရန်တာ၏ လက်ရန်းများက အေးစက်စက် ၊ ထိတွေ့ နေသော လေက အေးစက်စက် ၊ လက်ထဲက
ပုလင်းက အေးစက်စက် ၊ယုတ်စွအဆုံး စီးကရက်ဖင်စီခံကတောင် အေးစက်စက်၊
ဆူပွက်နေသော နှလုံးသွေးစီးဆင်းမှူက လွဲလို့  အရာ အားလုံးသည် အေးစက်ခြင်းနှင့် ကပ်ငြိလျှက်သာ ။
ထိုသို့ သော ညမျိုးကို သူ လုံးဝကို စက်ဆုပ်မုန်းတီးသည် ။
ချွင်ခနဲ မီးခြစ်အဖုံးဖွင့်သံသည် တရင်းတနှီးရှိလှသည် ။
ပျော်ပွဲစားထွက်တုန်းက ၀ယ်လာသော ထိုမီးခြစ်ကို စိတ်ညစ်တဲ့အခါတိုင်း ထုတ်ထုတ်သုံးမိခြင်းကိုကကမောက်ကမနိုင်လှသည် ။
မှောင်မိုက်လှသော ထိုနေရာတွင် မီးခြစ်အလင်းရောင်တွင် ဒေါသ နှင့် စိတ်ထိခိုက်ခြင်းရောနေသော ၊မှောင်မိုက်ခြင်းသည် အဖော်ဆိုလျှင် အထီးကျန်မဆန်လွန်းသေးပါလားဟူသောအတွေးနှင့် သူ မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည် ။
အဓိပ္ပါယ်ရှူပ်ထွေးလှသော အချစ် က သူ့ အတွက်တော့ " သူမ " ဆိုသော စကားလုံးဖြင့် ပြည့်စုံသည် ၊ ကျေနပ်သည် ၊ လောက်ငှသည် ။
သူမက ရူးမိုက်စွာ ငါးစာမပါဘဲ ချိတ်ချည်းသက်သက် ထိုင်မျှားစေအုန်းတော့ ထိုချိတ်ကို ဟပ်မည့်ငါးမှာ သူသာဖြစ်သည် ။
သူမ၏ အလေးမထားမှူ ကို သူ တူးခါးသည် ။
လျစ်လျူရှူမှူ့ ကို ( မသိလိုက် မသိဖာသာ လုပ်မိတာလည်း ဖြစ်ချင်ဖြစ်မည် ) သူ တူးခါးသည် ။
သူမ၏ တောင်းပန်ပါတယ်ဆိုသောစကားကို တူးခါးသည် ( ထပ်မကြားချင်လောက်အောင် မုန်းသည် ) ။
သူမကို ထိခိုက်စေမည့်အရာမျိုးကို သူရှောင်းရှားချိန်မှာ သူမသည် ဘာကြောင့်များ
အပြန်အလှန်သဘောတရားကို လျစ်လျှူရှူထားသလဲဆိုတာ နားလည်ရခက်လှသည် ။
သူမအတွက် သူ့ လက်များသည် ကဗျာရေးတဲ့အထိ နူးညံ့ဘူးသလို ၊ နံရံကို ထိုးတဲ့အထိလည်း ကြမ်းတမ်းဘူးခဲ့ပြီ ။
ခွဲခွါခြင်းကို မလိုလားသူ သူ့ အတွက် သူမ ကတိများသည်သာ ဆုပ်ကိုင်ရာ ၊ မျှော်ကိုးရာ ။
မီးတောက်က လေအေးတချက်အဝှေ့ မှာ ဇီဝိန်ကြွေသွားသည် ။
ထိုသို့ သော ညမျိုးကို သူ လုံးဝ စက်ဆုပ်မုန်းတီးသည် ။
ညသည် လေအေးနှင့် ဆောင်းဦးရွက်ဝါတို့  ကိုယ်လက်နှီးနှောသံမှတပါး အေးစက်တိတ်ဆိတ်နေသည် ။
No comments:
Post a Comment