Tuesday, January 3, 2012

+-- 2012 --+



2012 တွင် ကမ္ဘာပျက်မလား ...
ကြော်ငြာကောင်းတာနဲ့ ဇာတ်ကားတော်တော်များများ ကြည့်ဖြစ်ခဲ့သည် ....
တကယ်သာဖြစ်ခဲ့မယ်ဆိုလျှင်  အနာဂတ်ဆိုသောဝန်ထုပ်ဝန်ပိုးသည်
အတော်အတန်ကို လျော့ကျသွားပေလိမ့်မည် ....ရှေ့ ရေး နောက်ရေး ဘာရေး ညာရေး
မတွေးတော့ဘဲ သူမ နေထိုင်ရာ ကမ္ဘာ့တစ်နေရာသို့ သွားရန်
သယ်ယူပို့ ဆောင်ရေးလက်မှတ်တစ်ခု ပြေးဝယ်လိုက်မည် ...
မိုးရွာထဲတွင် လမ်းအတူတူလျောက်ချင်သည် ... အအေးမမိခင်၊ဆံနွယ်စတို့ မခြောက်သွေ့ ခင်
ကော်ဖီပူပူတစ်ခွက်စီနှင့် သီချင်းတပုဒ်ကို နှစ်ယောက်အတူနားထောင်ချင်သည် ....
ကျွန်တော်သည် သူမ နှူတ်ခမ်းတို့ အား အိမ်မက်ထဲသို့ တိုးတိုးခေါ်တတ်သည့်
သွေးနွေးသတ္တ၀ါတမျိုးသာဖြစ်သည် ....

If you can dream it
you can do it
                     ( Walt Disney )



ခရစ္စတိုဖာ ကိုလံဘတ်စ်အကြောင်းစဉ်းစားမိသောအခါ အဖိုးကိုသတိရမိလေသည် ....
အဖိုးကား ထိုလူကဲ့သို့ လူသိရှင်ကျော် ပုဂ္ဂိုလ်မဟုတ် ... သူလို ကိုယ်လို အဖိုးတွေလို
ပုံပြောကောင်းယုံမျှသာဖြစ်သည် ... ငယ်ငယ်ကလမ်းလျောက်ထွက်လျှင် နောက်ပြန်လှည့်မရအောင်
ငိုယိုဂျီကျတတ်သောကြောင့် ဒီကောင်လေးက ကိုလံဘတ်စ်လိုဘဲ ရှေ့ ကိုချည်းသွားချင်နေတယ်
ဟု သမုတ်တတ်သောကြောင့်ဖြစ်သည် ... ကျွန်တော်သည် နောက်ထပ်တိုက်အသစ်တစ်ခုကို ရှာမတွေ့ ခဲ့သော်လည်း
အဖိုး၏ ရှည်လျားကျယ်ပြန့်လှသောမေတ္တာလွင်ပြင်ကို ရှာတွေ့ ခဲ့သည် ...
အဖိုးကား 2012 ကိုမမြင်နိုင်တော့ပေ ... သူမမြင်သွားရှာသောနှစ်သစ်အချို့ အကြောင်းကို သူအရင်ကတုန်းက
ပြောပြခဲ့သော ပုံတိုပတ်စများသဖွယ် မရောက်ဖြစ်တာကြာပြီဖြစ်သော သူ့ အုတ်ဂူဘေးတွင်ပြောပြချင်စမ်းလှသည် ...

Following the light of the sun, we left the Old World.
                                                          ( Christopher Columbus )



2012 ဆိုတာကြီးက တိုနဲ့ ပတ်သတ်တာမှမဟုတ်တာ .. သူများယောင်လိုက်မယောင်ချင်စမ်းပါနဲ့ လို့ 
ဆိုလာငြားအံ့ ..
ကြွက်ထောင်ချောက်ဝယ်လာသည်ကိုမြင်သော ကြက်သည် ကိုယ်နဲ့ မဆိုင်သောကိစ္စမို့  မသိကျိုးကျွံပြုကာ
ကြွက်ကိုသွားမပြောပေ ... မနက်ထောင်ချောက်တွင်မိနေသော ကြွက်သေကိုလာဖြုတ်ရင်း လယ်ပိုင်ရှင်
ပိုးထိလေသည် .. ဆေးမှီသဖြင့် နာမကျန်းဖြစ်ယုံဖြစ်ကာ နလန်ထချိန်တွင် အားရှိအောင်စွပ်ပြုတ်တိုက်
ရမည်ဆိုသောအခါ ကြက်သည်လည်း ဘ၀ပြောင်းရလေသည် ..  ငါ့ကိစ္စမှ ငါ့ကိစ္စဘဲ တခြားစိတ်မ၀င်စားဘူးဟေ့
ဆိုပြီး ကြက် ကြီးလုပ်နေတော့မလား ...

Thousands of candles can be lighted from a single candle, and the life of the candle will not be shortened. Happiness never decreases by being shared.
                                                                                                                           ( Buddha )



2012 သည် ပြက္ခဒိန်ပေါ်မရောက်ခင် တွန့် ကြေနေသော ခုနှစ်တခုသာဖြစ်သည် ...
သို့ သော်လူအတော်များများ၏ မျှော်လင့်ချက်များသည် ထိုအပေါ်တွင် ပြန့် ပြန့် ရန့် ရန့်  ...
အချိန်ယန္တရားကိုယ်ဝန်ဆောင်မိခင်သည် 2012 ကိုမီးဖွားရန်လူးလှိမ့်နေပြီ ...
လူတိုင်းကိုယ်စီမျှော်လင့်ထားသလို 2012 သည် အင်္ဂါစုံပါစေ ..
အရောင်အသွေးလှပပါစေ .. ရောဂါဘယကင်းရှင်းပါစေ ...
လူတိုင်းအတွက် အေးချမ်းပါစေကြောင်း အူဝဲသံကျယ်ကျယ်နဲ့ မွေးဖွားလာဖို့ မျှော်လင့်ပါကြောင်း .....
မိမိ၊ မိမိ မိသားစု၊ မိမိပတ်ဝန်းကျင်တွင် အတ္တ ၊ ပရ မျှတစွာနဲ့  လောကီ ၊ လောကုတ္တရာ အကျိုး ၂ ဖြာ
ဆထက်တံပိုး သယ်ပိုးနိုင်ကြပါစေကြောင်း ....
( နှစ်သစ်မှာ နှလုံးစိတ်ဝမ်းအေးချမ်းနိုင်ကြပါစေသော်ဝ် ) ....

No comments:

Post a Comment