Tuesday, January 3, 2012

+-- နံရံများ --+



ဝရန်တာတွေမှာ ပန်းအိုးတချို့  အ၀တ်တချို့  ... ခေါင်းလောင်းကြိုးများက ပင့်ကူအိမ်များလို
တို့ လို့ တွဲလောင်း ... နံရံတွေက ဆေးတချို့ ကွာကျနေပေမယ့် ထူထူထဲထဲ ...

အခန်း ၁ ။
စားပွဲပေါ်က အရက်ပုလင်းကို တွင်တွင်စိုက်ကြည့်ရင်း ဒီမြို့ သည် မျှော်လင့်ချက်လား
ကျဆုံးခြင်းလား အသားညိုညိုနှင့်ထိုလူတွေးတောနေလိမ့်မည် ... အိမ်ခန်းငှားခ ၊
အောက်တန်းစာရေးလစာ ၊ နယ်မှ မိသားစု စသောအတွေးပေါင်းစုံတို့ ကို ခွက်ထဲက အရည်ထဲ
ထည့်ဖျော်ချင်နေလိမ့်မည် ... ပြတင်းပေါက်ဘောင်ပေါ်က လေအတိုးမှာပြုတ်ကျတဲ့
ဆေးပေါ့လိပ်တိုကို ဆေးပြန်ကျစ်ရင်း ယမ်းမီးခြစ်ကိုခြစ်လိုက်သည် ..
တိုက်ခန်းနံရံမှာ သူမြို့ ကိုသူရောက်စက မြေဖြူနှင့်ရေးသားထားသော ဘ၀ဆိုတာတိုက်ပွဲ
ဆိုသည့် စာတန်းဖြူဖြူက ထိုလူ့ ကို လှောင်ရယ်ရယ်လျှက် ....


အခန်း ၂ ။
မက္ကာသို့ သွားပြီး နာမည်ရှေ့ တွင် ဟာဂျီဘွဲ့ တတ်ဖို့ က ထိုအမျိုးသား၏ အကြီးမားဆုံးမျှော်လင့်ချက်
ဖြစ်သည် ... ကလေးငယ်လက်ထဲသို့  ကိုရမ်ကျမ်းကို ထိုနေ့ အဖို့ ၂ကြိမ်မြောက်ဖတ်ရင် ထည့်ပေးလိုက်သည် ...
အရှေ့ အရပ်ကိုမျှော် လက်နှစ်ဖက်ကိုရှေ့ ချပြီး မုတ်ဆိတ်မွှေးထူထူကို ကြမ်းပြင်နဲ့ ထိအောင်ပြားကပ်
ဝတ်ပြုလိုက်သည် ... သားသတ်ရုံမှာ နှစ်ချို့ ခဲ့သောလက်တို့ ကား သွေးညှီနံ့ ဖျောက်မရအောင်
စွဲငြိလျက် ... ပြီးတော့ မဆလာနံ့ သင်းသောဟင်းတချို့ ကိုချက်ပြုတ်နေသာ အမျိုးသမီးကို
စောင်းငဲ့ကြည့်လိုက်သည် ... တချွင်ချွင်မြည်နေသော လက်ကောက်ဝတ်မှ ရွှေလက်ကောက်တို့ သည်
ထိုအမျိုးသမီး၏ မိရိုးဖလာကိုးကွယ်မှူ့ ကို ကောင်းကောင်းချေဖျက်စပြုနေပီ ...

အခန်း ၃ ။
နေ့ ခင်းပိုင်းကလပ်တွေ ခေတ်စားလာကတည်းက ဒီအခန်းသည် အသုံးပြုချိန်နည်းနည်းလာသည် ...
ငွေပိုလျှံလို့ ဝယ်ထားဟန်တူသော ထိုအခန်းသည် ပိုင်ရှင်တို့ ၏ အသက်မပြည့်သေးသောသား၏
အချစ်ရမ္မက်ကိုလက်တည့်စမ်းဖို့ သက်သက်သာ ... ဆေးလိပ်တိုတချို့ နှင့် စားပီးသားဖော့ဘူးခွံတချို့ က
ကြမ်းပြင်ပေါ်တွင် ဟိုတချို့ ဒီတချို့  ...

အခန်း ၄ ။
ကလေး ၂ ယောက်၏ စာအံသံများက အခန်းထဲတွင် တိုးတချက် ကျယ်တချက် ...
ပါတိတ်ဝမ်းဆက်နှင့် အမျိုးသမီးက အထူးထုတ်တအုပ်ကို လှန်လှော်ဖတ်ရှူ့ နေသည် ...
မြေဖြူမှူန့် များကြားတွင် အသံဝင်အောင် သင်မည့်အစား ဒီလို ဟုမ်းကျူရှင်တွေကို ပိုစိတ်ဝင်စားသည် ..
နာသုံးနာ ဆိုသောစကားသည် မဖြစ်စလောက်ဝင်ငွေအောက်တွင် သူမပစ်ထားခဲ့တာကြာချေပီ ...
အောက်ထပ်လမ်းမများမှ ကလေးများ၏ ဆူညံ့ဆော့ကစားသံကိုကြားသောအခါ
စာကျက်နေသောကလေး ၂ ယောက် တစ်ယောက်မျက်နှာတစ်ယောက် ပြိုင်တူကြည့်မိလျှက်သား ...

အခန်း ၅ ။
လက်သည်းနီရဲရဲကို ဆေးခြောက်အောင် နှူတ်ခမ်းရဲရဲနဲ့ အမျိုးသမီးတစ်ချက် နှစ်ချက်မှူတ်လိုက်သည် ...
ဒီနေ့  ဗိုက်ပူပူကို တိုက်ပုံအကျီနဲ့ အတင်းဆွဲပိတ်ထားတဲ့ လူကြီးလူကောင်းကြီးလာမယ့်နေ့  ...
တရားစခန်းကာလမို့  အိမ်ကဇနီးမယားကိုလိုက်ပို့ ပြီး ထိုလူ သုံးလေးရက်လောက် ဒီအခန်းမှာ
ပျော်ပါးလိမ့်မည် ... ဖွင့်ထားတဲ့ တီဗွီဇာတ်လမ်းက မင်းသားနဲ့ မင်းသမီးကိုကြည့်ရင်း
အမျိုးသမီးသည်တစုံတရာကို လွမ်းမောမိသည် .... ဆေးလိပ်တလိပ်ကို မီးညှိရင်း မှူတ်ထုတ်လိုက်တဲ့အငွေ့ များက
နံရံထူထူကို လာရိုက်ခတ်သည် .. တံခါးခေါက်သံကြားသည်နှင့် ဟန်ဆောင်အပြုံးကို မျက်နှာပေါ်တင်ရင်း
အခန်းတံခါးဝဆီ လေးလေးပင်ပင်လျောက်သွားလိုက်သည် .....


အခန်း ၆ ။
...

အခန်း ၇ ။

နံရံများကိုအကာအကွယ်ပြုကာ ကျွန်တော်တို့ မကောင်းမှူမည်မျှ ကျူးလွန်ဖူးခဲ့ပြီလဲ ...
နံရံများကိုအကာအကွယ်ပြုကာ ကျွန်တော်တို့ ဟိရိ ၊ သြတ္တပ္ပကို မည်ရွေ့ မည်မျှ လျော့ချခဲ့ဘူးပြီလဲ ...
နံရံများ၏ ထူထဲမှူ့ အပေါ် ကျွန်တော်တို့  ဘယ်လောက် ယုံကြည်ခဲ့သလဲ
နံရံတို့ သည် လောကီအကာအကွယ်သာဖြစ်ပြီး လောကုတ္တရာအကာအကွယ်မဟုတ်မှန်း သိလာချိန်တွင်
နံရံတို့ တွင် နား ၊ မျက်စိ ပါလာလျှင် ကျွန်တော်တို့ သည် ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ်ပြန်ရှက်မိကောင်း
ရှက်မိကြလိမ့်မည် ..
အချိန်အတိုင်းအတာ တစ်ခုအထိတော့ ကျွန်တော်တို့ သည် နံရံထူထူများနောက်တွင်
ကိုယ့်အတ္တတချို့ နှင့် ဆက်လက်ပုန်းအောင်းနေနိုင်ပေအုန်းမည် .....။

No comments:

Post a Comment