Wednesday, May 18, 2011

+--- ပိုးစုန်းကြူး ----+




ညသည် ကြယ်စင်လည်ဆွဲတဖျတ်ဖျတ်နှင့် ဝတ်စုံနက်နက်ကို ဆင်မြန်းလျက်....
ကျနော်ကတော့ ကြွေကျမယ့် ကြယ်အပိုင်းအစကလေး ရလိုရငြား
လမ်းများပေါ်တွင် လက်ဖြန့် လျောက်သူတွေနှင့် အရောမ၀င်လိုပေ။

သူမ.........
ညကို ဆန့် ကျင်ကာ အရောင်လက်လက်နှင့်...
သူမလှူပ်ရှားပုံက သွက်လက်သလောက် သိမ်မွေ့ သည်...မြန်ဆန်သလောက် အိနြေ္ဒရှိသည်...
လွတ်လပ်မှူကို နှစ်သက်သလောက် ရန်လိုစိတ်အလျှင်းမရှိ ။
သူမက အောင်ဆီဂျင်သန့် သန့် တွင် ပျော်မွေ့ သည်.......
ကျနော်က ကာဗွန်ဒိုင်အောက်ဆိုဒ် ခပ်များများရယ် ။
ဂျူးခြောက်သန်းကို သတ်ပီးမှ ချာလီချက်ပလင်ကိုရတာ တန်တယ်လို့ သတ်မှတ်ရင်
ဖန်ပုလင်းတစ်လုံး ပြေးယူပီး သူမကို ပိတ်လှောင်ထားလိုက်မည် ။
ဒါ့ကြောင့်ဘဲ သူမလွတ်လပ်စွာ တောက်ပနေမှူကို အမှောင်ထဲကနေ ရပ်ကြည့်နေနိုင်အောင်
မဖြစ်စလောက် ခံနိုင်ရည်နည်းနည်းနဲ့  ကြိုးစားကြည့်နေဆဲ ။

တကယ်တော့ ငါဟာ ..
ကြယ်စင်တစ်အုပ်ထက် ပိုးစုန်းကြူးတစ်ကောင်ကိုဘဲ ပိုတောင့်တသူပါ....
ယုတ်စွအဆုံး အမှောင်တွေကို ဖမ်းဆုပ်ရစေဦးတော့
ရောင်စဉ်ဖြာတဲ့ အသက်ရှူသံသဲ့သဲ့လေးကို နှလုံးသားနဲ့  နားဆင်ခွင့်ရရင် ငါရောင့်ရဲပြီ............။

+---- အိမ်မက် တစ်ဆင်စာ ----+




ဒီအကြောင်းပြောရင်
ငါရယ်၊ မင်းရယ်
အတိတ်လေး အနည်းငယ်၊ မရေရာတဲ့ လက်ရှိနဲ့ 
တစ္ဆေတစ်ကောင်လို အနာဂတ် တွေပါလာတော့မယ်( ငါမျက်လုံးတွေကန်းသင့်ရင် ကန်းထားရမယ် )
မိုးသည်းခဲ့ပေမယ့် ကတိစကားတွေတော့ သွေ့ ခြောက်ပျက်သုဉ်းလျှက်
( ရေငုံနှုတ်ပိတ်မနေနဲ့ လို့  ပြောခဲ့တဲ့မင်း ကိုယ်တိုင်တော့ ငြိမ်သက်လို့  )

မင်းပြောတဲ့စကားတွေက ငါ့မာနထက် ငါ့ရင်ကို ထက်ပိုင်းကျိုးစေတယ်...
မင်းနဲ့ ဝေးကွာရမှာထက် ဘယ်အရာကမှ ညတွေကို ပိုမမှောင်စေနိုင်တော့ဘူး....
အီကွေတာမှာ အလေ့ကျပေါက်တဲ့အပင်တွေထဲတော့ စာရင်းမသွင်းလိုက်ပါနဲ့ 
ငါတစ်ပင်တည်းဘဲ ၀င်ရိုးစွန်းမှာ အေးခဲနေလိုက်တော့မယ်.....

မင်းပြောသလိုဘဲ ဘာကောင်မှတော့မဟုတ်ဘူးပေါ့လေ
အိမ်မက်တဆင်စာနဲ့  မင်းအသိုင်းအ၀ိုင်းကြားမှာ ဘယ်လိုမှ ခရီးမပေါက်တာသိပါတယ်ကွာ
ငါလေ ဘာမှမဟုတ်တာ ကိုဘဲ သိမ်းထားပါရစေ
မင်းကို သတိရရင် မကြာ မကြာ ထုတ်..ထုတ်ကြည့်ရအောင်ပေါ့......

ငါ့အတိတ်ရဲ့ ဆေးစက်တွေကို ပြန်ကြည့်ရင်
မီးခိုးရောင်က အများသားဘဲ ( အတိတ်ကို ငါဘယ်တော့မှ အပြစ်မတင်ပါဘူး )
ရှူသွင်းနေတဲ့လေက ငါ့ပစ္စုပ္ပန်ဘဲ...
ရေးလက်စ ကဗျာတစ်ပုဒ်က ငါ့အိပ်စက်ခြင်းဘဲ..
ငါက သွေးအေးတယ် နှုတ်ဆိတ်တယ်
တိုးတိတ်လွန်းတော့ ငါ့နှလုံးခုန်သံကို မင်းသတိပြုမိပါ့မလား။
မင်း......
င့ါဘ၀ကို လောင်ကျွမ်းစေတယ်
မင်းမျက်နှာရှေ့ ကနေ ဖယ်ခွါလိုက် ကြမ်းပေါ်လွှင့်ပစ်လိုက် ( ခြေထောက်နဲ့ နင်းလိုက်တာလည်း အကြိမ်ကြိမ် )
နောက်ဆုံးတော့ ပြာမှူန်တွေအဖြစ်နဲ့  အမှိုက်ပုံးထဲမှာ..

ဒါပေမယ့် ငါ့ဘ၀ကို ငါကျေနပ်တယ်
မင်းနှုတ်ခမ်းဖျားကနေ တယုတယ
မီးခိုးငွေ့ ကွင်းလေးတွေအဖြစ် လှလှပပ
စိတ်လိုလက်ရ မင်းမှူတ်ထုတ်နေတတ်တဲ့
အချိန်တွေကို ပြန်တွေးမိရင်ပေါ့.....
ဒီလိုနဲ့ ပေါ့လေ...
မင်းနဲ့ ပတ်သတ်ရင် ငါဟာ အရူးတစ်ယောက်ထက်ပိုခဲ့တယ်
ငါကတော့ ယုံကြည်ချက်နဲ့  ငါ့လမ်း ငါဖောက်ဆဲ
ဘယ်လိုလဲဟေ့မင်း
လမ်းလျှောက်နိုင်ပါ့မလား.......။

+--- သို့ ----+




လက်ဝဲလက်ဖြင့် သူမအားထွေးပွေ့ လျက်
လက်ယာလက်ဖြင့် သူမ၏မျက်ရည်တို့ အား
သုတ်ပေးအံ့....

ထိုသိုသော နေ့ ရက်များအတွက်
အလွမ်းတို့ စွန်းထင်းနေသောတလင်းပြင်ပေါ်တွင်
ဝေးကွာခြင်းနှင့် ကျွန်ုပ် နှလုံးသား စီးချင်းထိုးရပေလိမ့်မည်...

ကျဆုံးကောင်းကျဆုံးသွားနိုင်ပါတယ်
သို့ သော်.......
ကျွန်ုပ်ကျေနပ်နေပေလိမ့်မည်........။

+--- လက်ဖက်ရည်ဆိုင် ----+




♪♫ မနေ့ ကလိုဘဲ ဘ၀ဟာလည်း.....တီ.တီ.တီ...♪♫
ပြတ်တောက်သွားသော သီချင်းသံအဆုံး အလိုမကျသံများ တီးတိုးရေရွတ်သံများ
ဆဲဆိုသံ သဲ့သဲ့ကိုတောင် ကြားလိုက်ရသေးသည်။
ဘာဘဲပြောပြော အာခေါင်တွေလည်း ခြောက်လှပီမို့  ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်မိသည်။
နိုင်ငံတကာဘောလုံးအသင်းတို့ ၏ ရှေ့ ခရီးစဉ်များ၊ သွင်းဂိုး၊ပေးဂိုးများသည်
ဆေးလိပ်ငွေ့ နှင့် ရေနွေးကြမ်း များအကြားတွင် စီးမျှောလျက်....( ကျဆိမ့် တစ်ခွက်နဲ့ အတူ မျှောပါသွားသော Rooney ၏ သွင်းဂိုးများတောင်ပါလိုက်သေးသည် )...
နားကပ်အမဲတစ်ဖက် ဆံပင်ထောင်ထောင်ကိုယ်စီနှင့် Punk တစ်စုက
နံရိုးတစ်ချောင်းထုတ်ဖို့ အရေး အချေအတင်.......
ဘောင်းဘီပွတဲ့ Rapper တစ်အုပ်လည်း Generation အကြောင်း
ဖုန်းကိုယ်စီနှင့် ရွတ်ဆိုလျက်..( တကယ့်တကယ် မိဘ၏ Generation ကိုကျေးဇူးတင်သင့်တယ်
ရေထမ်းရောင်းတဲ့ အခြေအနေမျိုးဆို ဒါမျိုးရွတ်ဖို့ ဝါသနာရှိပါ့မလားမသိ )....
သိန်းပေါင်းများစွာကို ပါးစပ်နဲ့ သယ်နိုင်တဲ့ ပွဲစားတစ်ပွေကလည်း
ဖော်ရွေတဲ့မျက်လုံးတစ်ဖက်နဲ့  ပါးနပ်တဲ့ မျက်လုံးတစ်ဖက်ကို အနက်ရောင်ဘောင်ခတ်လျှက်....
အလုပ်သမားဆေးပေးခန်းမှ ကော်လံဖြူဆရာဝန်လေး၏
အထူးကုဆေးခန်းသို့  အလည်ရောက်နေတဲ့အတွေးများ....( လူနာများကို coffee သိပ်အများကြီးမသောက်ခိုင်းသော်လည်း သူ့ ရှေ့ မှ ကော်ဖီခွက်သည် တ၀က်ကျိုးလုနေပြီ..)
ခေတ်မှီကွန်ဒိုများစွာကို နှံ့ စပ်အောင်တက်ဆင်းနေသော်လည်း
( မြို့ ပြင် မိမိတို့ ဗိဗ္မာန်အိမ်စုတ်ကို မိုးတွင်းအမှီအိမ်ခေါင်မိုးမလဲနိုင်သေးသည့် )မောင်တစ်ထမ်း မယ်တစ်ထမ်း
ဘိလပ်မြေသယ် လင်မယား ၂ယောက်၏ ကလေးတပြုံတမအတွက် စမူဆာအနည်းငယ်ပါဆယ်ဆွဲရန် မဟာစဉ်းစားခန်း...
လမ်းသွားလမ်းလာတို့ လက်တစ်ဖက်ထုတ်တိုင်း ဂနာမငြိမ် ဖြစ်နေတဲ့
နေ့ တွက်မကိုက်သေးတဲ့ Taxi ဒရိုက်ဘာ...( သူ့ ရည်စားပါးရိုက်ဖို့ လက်တစ်ဖက်ထုတ်ရင်တောင် ပြုံးပြုံးလေး အရိုက်ခံသွားမဲ့လူမျိုး)...
လက်ဖက်ရည်ဆိုင်နှင့် ကားဂိတ်ကို စစ်မျက်နှာ ၂ ဖက်ဖွင့်ထားတဲ့
ကွမ်းယာသည်ကုလား၏လက်များသည် ထုံးအိုးနှင့် ကွမ်းရွက်ကြား ဗျာများလျက်....( ထိုကုလားသည် ကိုယ်တိုင်ကျတော့ ကွမ်းမစားချေ )....
ဆိုင်ရှေ့ မိတ္တူဆိုင်မှ အမျိုးသမီး၏ မျက်နှာတစ်ကွက်ကို စက္ကန့် ၃၀လောက်မြင်ရဖို့ အရေး
တစ်နေ့  ၃ နာရီလောက်အချိန်လာဖြုန်းပီး ဇွဲဆုယူရန်ကြိုးစားနေတဲ့ ငနဲတစ်ကောင်၏ ၂ အိုးမြောက်ရေနွေးအိုးငှဲ့ ခိုက်...( ထိုအမျိုးသမီး၏ မျက်စောင်းတစ်ချက်ကို ပိုင်ဆိုင်သမျှနှင့် လဲယူမယ့်သဘောရှိသည် )...
မိတ်ကပ်ထူထူနှင့် နှူတ်ခမ်းနီအရဲသား ညည့်ငှက်တစ်ကောင်ကလည်း မိစ္ဆာခန်းဆောင်မ၀င်ခင်
သူ့ မိတ်ဆွေစွန့် ကြဲသော ပေါင်မုန့် ကြက်ဥကြော်ကို စိတ်မပါလက်မပါ ဖဲ့ခြွေလျက်....
( သူမအဖို့ တော့ "Stomach"ဟူသောဝေါဟာရသည် အိပ်ယာဟုပင် ပြန်ဆိုလေမလားမသိ )...
ဝမ်းတီး၊ ပလိန်း၊ ကြက်သံ၊ ၀က်ကုန်းဘောင်တို့ ကို နေ့ စဉ်မပြတ်အော်နေရသော စားပွဲထိုးကောင်လေး၏
ညစာအတွက် ထမင်းကြမ်းမှ ကျန်ပါ့မလား စိုးရိမ်ပူပန်မှူမျက်နှာတို့ နှင့်အတူ...
မီးလာပြီဆရာ !!!.....
လောဘ၊မောဟ နှင့် ဒေါသ ဆတူရောစပ်ထားသော ဆိုင်ပိုင်ရှင်သည် လေတစ်ချက်ချွန်ကာ
စီဒီခွေတစ်ချပ်ကိုကောက်ကိုင်လိုက်ကာ စူထွက်နေသော ဗိုက်ခေါက်ကို မလုံ့ တလုံဖုံးအုပ်ထားသည့်
စွပ်ကျယ်အဖြူနှင့် ခပ်ကြမ်းကြမ်း ပွတ်တိုတ်ပြီး စက်ထဲကောက်ထည့်လိုက်သည်။
Digital to Analog ပြောင်းလဲမှူများနှင့်အတူ ၀ါယာကြိုးနှစ်ချောင်းမှသယ်ဆောင်လာသော စီးဆင်းမှူ့ တစ်ခု
နောက်ကျောကို တိုးဝင်လာမှူနှင့်အတူ ကျနော်လည်း ကျယ်လောင်သော သီချင်းသံနှင့်အတူ နိစ္စဓူဝ လောကီဇာတ်ခုံသားတို့အား
ဖျော်ဖြေလျက်...တကယ်တော့ ကျွန်တော်သည် အိုဟောင်းနေသော Sound Box တစ်လုံးမျှသာ......။

+---- မျက်နှာဖုံးများ ----+




ဆလိုက်မီးတစ်ကွက်စာ အောင်မြင်မှူလေးရဲ့နောက်
ဖမ်းဆုပ်လို့ ရလောက်အောင်မှောင်မိုက်နေတဲ့ မတန်တဆပေးဆပ်မှူတွေ.....
အယောင်ဆောင်နွေးထွေးမှူတွေနဲ့ 
နောက်ကျောက အေးစက်တဲ့ဓါးသွားတွေ......
ပါးလွှာလွန်းတဲ့ ပျားရည်အောက်က
ပုပ်အက်အက် ဟန်ဆောင်မှူတွေ.......
အပြုံးတပ်ဆင်ထားတဲ့ မျက်နှာဖုံးအောက်က
မစ္ဆရိယ များနေတဲ့မျက်နှာစစ်တွေ.......
အားပေးတဲ့လက်ခုပ်သံတချို့ တ၀က်နောက်မှ
များပြားလှတဲ့ လက်သီးပုန်းများ......
ဟူးးးးးး
၅၀၀၀၀၀၀၀၀၀၀၀၀၀၀၀ ကီလိုဂရမ် ဒြပ်ထုရှိတဲ့လေထုထဲမှာ
ဘာလို့ များ အသက်ရှူမ၀နိုင်ရတာလဲ.....
လေထု ညစ်ညမ်းလာခြင်းလား လူထုညစ်ညမ်းလာခြင်းလား......
တကယ်တော့ ဘ၀ဆိုတာ ကြိုတင်ဇာတ်တိုက်ခွင့်မရရှာတဲ့ ပြဇာတ်တစ်ပုဒ်မျှသာ......။

+---- အရိုးရှင်းဆုံးနှင့် မရိုးနိုင်သော စကားလုံး (သို့ ) ဖေဖေနဲ့ မေမေ ----+




သူများတွေလို special nurse နဲ့ ဗိုက်မအပ်နိုင်ခဲ့ပေမယ့်
ဖေဖေနဲ့ မေမေရဲ့ ဂရုစိုက်မှူအောက်မှာ
သားတို့  ညီအစ်ကိုသုံးယောက် အင်္ဂါစုံစွာ မွေးဖွားခဲ့ပါတယ် ...( ကျေးဇူးတင်ပါတယ် ဖေဖေနဲ့ မေမေ )

သူများတွေလို အဆင့်မြင့်နေ့ ကလေးထိန်းကျောင်းတွေ မထားပေးခဲ့နိုင်ပေမယ့်
အဖေနဲ့ အမေရဲ့ သွန်သင်ပြသမှုအောက်
သားတို့ တွေ မရှိုင်းပြခဲ့ပါဘူး ဖေဖေနဲ့ မေမေ....

သူများတွေလို ကျောင်းစိမ်းအင်္ကျီ ထည်လဲမ၀တ်နိုင်ခဲ့ပေမယ့်
မေမေလျော်ဖွတ်ပေးတဲ့ ကျောင်းဝတ်စုံလေးကြောင့်
သားတို့  အများကြားမှာ မညိုးမှိန်ခဲ့ပါဘူး မေမေ....

သူများတွေလို ထမင်းဘူးလှလှလေးတွေ ဟင်းကောင်းတွေ မကိုင်နိုင် မထည့်နိုင်ခဲ့ပေမယ့်
မေမေ့ရဲ့ လက်သုတ်ပ၀ါ သန့် သန့် လေးတွေနဲ့ ထုပ်ပိုးထားတဲ့ ထမင်းဘူးလေးက
အမြဲတမ်းသန့် ရှင်းပြီး စားချင်စဖွယ်ဖြစ်နေခဲ့ပါတယ် မေမေ....

သူများတွေလို နိုင်ငံခြားဖြစ်ဘောပင်ခဲတံတွေ မသုံးနိုင်ခဲ့ပေမယ့်
ကျောင်းသွားခါနီးတိုင်း ဖေဖေချွန်ထားပေးတဲ့ ခဲတံလေး ၂ ချောင်းက
သားတို့ ပညာရေးကို ဖြောင့်ဖြူးစေခဲ့ပါတယ် ဖေဖေ....

သူများတွေလို ကားကြီးကားငယ် အသွယ်သွယ်နဲ့  ကျောင်းလိုက်မပို့ နိုင်ခဲ့ပေမယ့်
ဖေဖေနင်းတဲ့ စက်ဘီးကယ်ရီယာ ခုံလေးနောက်မှာ ( ချွေးနံ့ နဲ့  ဆေးလိပ်နံ့ ရောတဲ့ ကျောပြင်ကိုဖတ်တွယ်ရင်း )
သားတို့ တွေ လုံခြုံဘေးကင်း အဆင်ပြေခဲ့ပါတယ် ဖေဖေ...

သူများတွေလို ခေတ်မှီကစားကွင်းတွေ လိုက်မပို့ ပေးနိုင်ခဲ့ပေမယ့်
အိမ်ဘေးက ကွပ်လပ်လေးမှာ ( ဖေဖေနဲ့ မေမေက ဂိုးဖမ်းလို့  )
သားတို့  ပျော်ရွှင်မှူအပြည့်နဲ့ ကစားခဲ့ရပါတယ် ဖေဖေနဲ့ မေမေ...

သူများတွေလို ရုပ်ဝတ္ထု ပစ္စည်းဥစ္စာတွေအမွေမပေးနိင်ပေမယ့်
ဖေဖေနဲ့ မေမေရဲ့ မြေဖြူမှုန်များကြားက ရှာဖွေထောက်ပံ့ပေးခဲ့တဲ့ပညာအမွေနဲ့ 
သားတို့ လူ့ လောကထဲ ရဲ့ဝံ့မော်ကြွားစွာ လျောက်လှမ်းနေတယ် ဖေဖေနဲ့ မေမေ...

ဘယ်လောက်ပင် အရွယ်ရောက်သော်ငြားလည်း
သားတွေကို ရင်ဝယ်ပိုက်အရွယ် ထင်မှတ်တတ်တဲ့ မာတာပီတ မိနှင့်ဖရဲ့ စိတ်နှလုံးမှာ
အမြဲတစေ ပူပန်နေမယ်ဆိုတာ သားတို့ သိပါတယ် ဖေဖေနဲ့ မေမေ....

အပြောကျယ်တဲ့ လောကထဲ လေစုန်လေဆန် ပျံသန်းရင်း
အနှိုင်းမဲ့နွေးထွေးမှူမေတ္တာတရား အသိုက်အမြုံရှိရာနေရာလေးကို
သားတို့ မှန်းမျှော်တမ်းတလို့  ... တမ်းတလို့  .... တမ်းတလို့ ....................။

+---- လျစ်လျူရှူ့ ထားခြင်းခံရသော နေ့ ရက်များအကြောင်း ----+



နေရက်များသည် သိသိသာသာ ခြောက်သယောင်းလျက်ရှိသည်။ အရင်က ကုန်ဆုံးလွယ်သော
ညတို့ သည် နောက်ပိုင်းမှာတော့ ရှည်လျားမဲမှောင်လျက်သာ။
မနက်လင်းတည်းက စသောက်ခဲ့သော စီးကရက်ဖင်စီခံသည် အပေါ်မှ တအိအိပြိုဆင်းလာသော
အလေးချိန်များအပေါ်ညည်းညူလျက်..
ကော်ဖီခွက်ထဲမှ ကာဖင်းဓါတ်တို့ ၏တေးသွားအကများနှင့်အတူ ညသည်မီးစာကုန်စပြုနေပေပြီ။
ရောင်နီအလင်းလာစ အချိန်ထိ စာမျက်နှာတို့ ပေါ်တွင် အလွမ်းနှင့် သတိရခြင်းသာ
ရေးခဲ့နိုင်သေးသည်။


သူမသည် Minilaptop ကိုမကြိုက်.. ညစာ ကိုမကြိုက်.. ပွစိပွစိ လုပ်ခြင်းကိုမကြိုက်..
ဆိတ်ဆိတ်နေခြင်း ကိုမကြိုက် ..
ထို့ အတူ ချစ်တယ်ပြောရမှာကိုလည်း မကြိုက်ပေ .. သူမအကြောင်းမတွေးဘဲသာနေလျင်
ရင်ဘတ်သည် သိသိသာသာ နေရာကျယ်ဝန်းသွားလိမ့်မည်ထင်သည်။

သူမ လျစ်လျူရှု့ ထားသည့် နောက်ပိုင်းမှဘဲ မကောင်းမှူတို့ သည် ငယ်ပေါင်းများသဖွယ်
ကျနော့်အား တွယ်တာလာကြသည်။
ဂရုစိုက်မှူ မရှိသော အနေအထိုင်တို့ သည် နှာစေးချောင်းဆိုးခြင်းတို့ အား
သွားလေရာခေါ်ဆောင်နေသည့်အလား။ပရမ်းပတာနိုင်လှသော ထိုရာသီဥတုတွင်
ကျနော် အသားမကျနိုင်သေးပေ။


အားလပ်ရက် သတ်မှတ်ချက်မရှိ။ ခံစားမှူနောက် ခန္ဓာကိုယ်က မလိုက်နိုင်။
ရပ်တည်မှူတစ်ခုအတွက်
ဒုတိယဘုရားသခင်အတွက် မိုးသည်ညများတွင် မြေပြင်ပေါ်တွင်လည်း  အိပ်စက်ခဲ့ဖူးခဲ့ပြီ ။
ကျဲကျဲတောက် နေပူအောက်တွင် ဖုန်မှူန့် များကို ခါးခါးသက်သက်နမ်းဖူးခဲ့ပြီ။
နှင်းမှူန်အောက်တွင် ဆွယ်တာတစ်ထည်နဲ့ လည်း ကျော်ဖြတ်ခဲ့ဖူးတယ်။
တခါတလေတော့လည်း " လူဖြစ်ရကျိုးနပ်လိုက်တာ ဆိုတဲ့" ရွဲ့ စကားတွေကို သတိရမိတယ်။
တကယ်တော့ ကိုယ့်လူငယ်ဘ၀သည်
သွေးသားနဲ့ တည်ဆောက်ထားခြင်းလား စည်သွပ်ဘူးတခုလားေ၀၀ါးလျက်
(ရက်မလွန်တာကိုဘဲ ကြံဖန်ကျေးဇူးတင်နေမိသေးသည်)။

အိပ်ယာက နိုးထချိန်တိုင်း သွေးပျက်နေမိတယ်။
အလုပ်ချင်ဆုံးက ပြန်လည် အိမ်မက်နေခြင်းတခုသာ...
စနေ တနင်္ဂနွေတို့သည် သာမန်ရက်များထက် တံလျပ်လျင်းလျင်းထလျက်ရှိနေသည်..

မနီးတော့မယ့်အတူတူ မနက်ဖြန်တွေမှာ ငါတို့ ထပ်ဝေးချင်သေးတယ်
ငါတို့ တွေ မဆုံနိုင်ဘူးဆိုတာ သေချာသွားချင်လို့ ပါ.....

+----ပစ္စုပ္ပန်ရဲ့နောက်က ကြက်ခြေခတ်များ----+






မေ့ပျောက်ခြင်း ကဗျာဟာ
တမ်းတခြင်း မာတိကာနဲ့ 
အဘယ့်ကြောင့် အစပျိုးပါသလဲ ။
( ချစ်ခြင်း၊ ယုံကြည်ခြင်း၊ ကြင်နာခြင်း စိတ္တဇနာမ် အများအပြားပါဝင်သော)နှလုံးသားနှစ်ခုကို စတေးပြီးမှ ဥပေက္ခာကို ငါတို့ ရတာ( ပြောစမ်းပါ တဆိတ်လောက်) တန်ရဲ့လား ။

ဘယ်တော့မှမပြောကြေးဆိုတဲ့ စကားတစ်ခွန်းနဲ့ ဘဲ
ငါတို့ ရဲ့ လက်ကျန်သံယောဇဉ်သဲ့သဲ့လေးလည်း
ကြိုးစင်ပေါ်တတ်ခဲ့ရတယ် ။

ဒါတွေဟာ......
ပြောင်းပြန်လှန်ထားတဲ့ အမှန်တရားတွေနောက်
တကောက်ကောက်လိုက်နေတဲ့သူတွေကြားက
ဟိုမရောက် ဒီမရောက် ခံစားမှူဝါဒီသမား...
ဘာမှန်းမသိတဲ့အရာတွေအပေါ်
ဘာမှန်းမသိဘဲ လိုက်လျောနေရတဲ့ဘဝထဲက
မပြတ်သားတဲ့ တွေဝေသမား....
ရင်ထဲက ဝေဒနာတွေကို ဦးနှောက်နဲ့ ကုစားချင်တဲ့
လူငယ်တစ်ယောက်ရဲ့ နှလုံးသား ဈာပနမို့ 
မျက်ရည်တို့  မစည်ကားအပ်လောက်ပါဘူး။

အဘယ်မှတ်ကျောက်နဲ့ 
ငါ့ရင်ခွင်ကို ဖြတ်တောက်ကြည့်ပါသလဲ...
ငါ့အချစ်ဟာ မင်း ဘာသာပြန်လို့ မရနိုင်လောက်အောင်
မရှုပ်ထွေးလှပါဘူး...
ရှေ့ ဆက် နားလည်မပေးနိုင်တော့ဘူးဆိုတာကိုက
မင်း ငါ့ကို နားလည်သွားပြီလို့ ဘဲ ယူဆပါတယ် ။

အဲဒီညက ငါကဗျာရေးခဲ့တယ်...
ပစ္စုပ္ပန်ရဲ့ အနောက်က
ချစ်သူတစ်ယောက်ကို
မေ့ပျောက်ဖို့  ကြိုးစားရင်း ( နောင်တတချို့ နဲ့  စကားစမြည်ပြောရင်း )
ငါဟာ....
ဖမ်းဆုပ်လို့ ရလောက်တဲ့ အမှောင်ထုထဲ
မိုင်ပေါင်းများစွာ ဝေးကွာလွင့်စင်....................................။။။။

+---- ခရမ်းစက် ----+







နေ့ နဲ့ ညရဲ့  ဈာပန ကို အပြန်အလှန် လိုက်ပို့ ရင်း
ကိုယ်တူးတဲ့တွင်းတောင် ၂၄ ကျော်ခဲ့ပြီဘဲ ....

ရောမလို ကျင့်နေပေမယ့်
ကိုယ့်ရောက်နေတာက ရောမမှမဟုတ်တာ
အဖြူမဟုတ်ရင် အမည်းလို့ သတ်မှတ်ချင်တဲ့ လူတွေရဲ့ အကြား
ခရမ်းစက်လည်း နေရာပျောက်နေခဲ့ရပြီ....

အများမိုးခါးရေသောက်တိုင်း လိုက်မသောက်နိုင်တော့
ရုးတယ်လို့  သမုတ်ချင် သမုတ်ကြပါစေတော့...

ထမ်းထားရမယ့် ကမ္ဘာကြီးအတွက်လည်း
ဘာမှ များများစားစားချန်မထားနိင်ခဲ့လို့ 
သူ့ ရှေ့ မှာ ခေါင်းမော့ရင်ကော့နိင်ပါတယ်..

တကယ်တော့ ညီမလေးရေ
ထားခဲ့တဲ့ အချစ်တွေကို
ကမ္ဘာကြီးနဲ့ အတူ သိမ်းဆည်းထားနိုင်ရင်
ကျေနပ်နေမယ့်သူတစ်ယောက်ပါကွယ်....။

+--- သုည ---+





သုညတွေတော့ သုညတွေဘဲ
ဝိုင်းသယောင်ရှိတဲ့ သုညကဘဲ ကံကောင်းသလိုလို
မိဘမဲ့တွေကြား တာဝန်မယူတတ်တဲ့မိခင်ရှိသူ
မျက်နှာပန်းပွင့်သလိုမျိုးပေါ့ ....

အိမ်နံပါတ် ၊ လမ်းနာမည်ထားအုန်း
တစ်ညတစ်ည ဘယ်မှာအိပ်စက်ရမလဲကိုက ဝေဝါးဝါး
ကြုံရာကျပန်းသမားတို့ ရဲ့ညအတွက်
တစ်ခုတည်းသောအပန်းဖြေမှူအာသာရမ္မက်ကနေ
သူတို့ ဘဝတွေ ဖြစ်တည်တယ် ...

တစ်နပ်စားပီး နောက်တစ်နပ်ရှာဖို့ က အနာဂတ်ဘဲ
communication ကပါးစပ်တွေ
transport ကခြေထောက်တွေ
entertainment က တာယာခွေအဟောင်းတစ်ခုဖြစ်နိုင်သလို
မိုးရေစက်တွေလည်းဖြစ်နိုင်တယ်
 ( ဒါတောင်သဘာဝတရားက လူတန်းစားမခွဲတတ်လို့  )
education က ဖရုသဝါစာများတဲ့ပတ်ဝန်းကျင်မှာ
မပီကလာပီကလာ ....
( ဆဲဆိုခြင်းက စွယ်စုံကျမ်းသဖွယ် )
fashion ဆိုတာဝေးလို့ 
သူများအကျလေးတောင် တစ်လတစ်ကြိမ် လဲရန်ခက်ခက် 
politics နှင့် human right ဆိုတာကြီးကို
တသက်တကိုယ်မကြားဘူးဘဲ သေဆုံးသွားကြမည် ..

တတ်နိုင်သူတွေက အမဲသားကို အိမ်မွေးခွေးကိုချကျွေးလို့ 
အသီးအရွက်ကို ကျန်းမာရေးအတွက် တကူးတက စားသောက်ကြသလို
အသီးအရွက်ကြားက အရိုးအရင်းလေးပါတဲ့နေ့ မှာ
သူတို့ မျက်နှာတွေ အပျော်လွန်ကြတယ် ...
လမ်းကြိုလမ်းကြားအမှိုက်ပုံတွေထဲ
ကြက်ဥခေါက်မုန့် တစ်ခုနဲ့  မေးခိုင်ပိုးကို ပျော်ပျော်ကြီးလဲစား
ဒဏ်ရာကင်းတဲ့လူ ခပ်ရှားရှားပါလား ....

သုညတွေတော့ သုညတွေပေါ့လေ
ဝိုင်းသယောင်ရှိတဲ့ သုညကဘဲကံကောင်းသလိုလို ...........။။။။

( အကိုတစ်ယောက်ဆီက ရတဲ့ပုံလေးပါ ...ကျွန်တော်ငယ်ငယ်က ကျောင်းသွားတိုင်းဖြတ်သွားနေကျ ကျူးကျော်ရပ်ကွက်လေးတစ်ခုကိုပြန်မြင်မိလို့  ရေးဖြစ်သွားတယ် ။ )