Wednesday, May 18, 2011
+---- အလွမ်းသင့်စွယ်တော် ----+
ထိုအထဲတွင် မုသားများပါခဲ့လိမ့်မည် ။
တချို့ တချို့ တွေက ကြွေ
ထိုအထဲတွင် အချစ်စစ်တို့ ပါခဲ့လိမ့်မည် ။
အစိမ်းလိုက်ပြန်ဆွဲနှုတ်မယ့် ဆူးတစ်ချောင်းဆို
ရင်ခွင်ကို ထုတ်ချင်ခတ်အောင် ဘာလို့ များ ဘာလို့ များ ...
သွေးစက်စက်ကျမယ့် ဒီဒဏ်ရာအတွက်
ဖုံးကွယ်ခြင်း မေ့ဆေးပေးခဲ့တာကိုတော့
အပြစ်မတင်ရက်ဘူး ....
မိုးသည်းတဲ့ အေးစက်ညတွေ
လေပြေညှင်းနဲ့  နေခြည်နွေးနေ့ တွေ
ငါတို့ ကျော်ဖြတ်ခဲ့နိုင်ခဲ့တယ်မဟုတ်လား
ကိန်းဂဏန်းအဆိပ်လူးတဲ့ဓါးနဲ့ 
မျက်နှာနှစ်ဖက်ဗီလိန်ကိုရော 
ငါတို့  ????????
စိတ်ကူးယဉ်အိမ်မက်တို့ ဖြင့်သာ
ပြဌာန်းခွင့်ရှိသော ထိုပုစ္ဆာမှာတော့
မင်းနဲ့ ငါဟာ ချစ်ခြင်းဖြင့်တွယ်ဆက်ထားသော
အလွမ်းသင့် စွယ်တော်တခြမ်းစီမျှသာပါကွာ ....။
+--- ကြွေလွင့်ခြင်း ---+
သစ်ပင်က ကြွေကျပြီးတဲ့သစ်ရွက်က အမှိုက်တဲ့
ဖြစ်တည်မှူကွာဟရင် 
အခေါ်အဝေါ်တွေကလည်း မနီးစပ်တော့ဘူး
ကိုယ့်တို့ နှလုံးသားက ကြွေကျသွားတဲ့ အချစ်ကိုတော့
နီးနီးစပ်စပ်ဘဲ နာမည်ပြန်ပေးချင်တယ် ... ( ကိုယ့်ရူးသွပ်မှူတစ်ခုပေါ့လေ )
ကိုယ်သိသလို မင်းလည်းသိပါတယ် 
ကြွေကျတာချင်းအတူတူ နယူတန်ဘေးနားကျတဲ့
ပန်းသီးတစ်လုံးက ပိုအဖိုးတန်သလို
အမုန်းတရား ၊ အဃာတတွေ မပါတဲ့
ကြွေကျခြင်းမျိုးနဲ့ 
ကိုယ်တို့ လွင့်မျောကြတာပေါ့..
ပေါင်းစပ်ခွင့်မရှိတဲ့ ချစ်ခြင်းက
ဒါဏ်ခတ်ခံရခြင်းတစ်မျိုးဆို
ကိုယ်တို့ ဟာ အချိန်ကာလအတော်ကြာ
ပြုစားခံရတဲ့ သားကောင်တစ်ချို ..
တစ်ချိန်ချိန်တော့ တစ်နေရာရာဆီမှာ လှဲလျောင်းမယ်
နားလည်မှူရေချိန်ညီတဲ့ မျက်နှာသွင်ပြင်တစ်ခုဆီမှာပေါ့ ......။
+---- ကြယ်ခူးတဲ့ကဗျာ ----+
ဘ၀ထဲက သက်တန့် လေးတစ်ခု ခဏတောက်ပဖို့ 
မိုးရေမှူန်တွေကို နေရောင်ခြည်နဲ့  အဆိပ်ငွေ့ ပေးသတ်
ငါဟာ 
တစ်မီလီမီတာအောက်ထုရှိတဲ့ မိုးရေစက်တွေကို မသနားတတ်ခဲ့ဘူး....
နက္ခတ်စုံတဲ့ကောင်းကင်လား
အလှမ်းဝေးလွန်းပါတယ်ကွာ
ဒီကောင်းကင်က ကြယ်လေး တစ်လုံးစ နှစ်လုံးစ မကွယ်ပျောက်ဖို့ 
ငါ့မျက်တောင်တွေ မှိတ်ချင်တိုင်း မမှိတ်ခဲ့ရတာ
ဘယ်လောက်တောင်ကြာခဲ့ပြီလဲ .....
အရောင်ဖျော့ အမှောင်တွေထဲဘဲ 
စိတ်သန့် သန့် လျောက်လှမ်းချင်သော်လည်း
ကြယ်ခူးတဲ့လူတွေကြားမှာ ပိုက်ကွန်တစ်ခုတော့ ကိုင်သွားသင့်တာပေါ့လေ ...
ဒီလိုနဲ့ ဘဲ ဘ၀မှာ မဖြစ်နိုင်ဘူး ဆိုတာတွေ နည်းနည်းလာတယ်
ဟူးးး
ဘာကိုမှ မတွေးမိရင်ပေါ့လေ ......။
+--- ဆက်ထုံးသီအိုရီ ----+
ညသည် လေအေးနှင့် ဆောင်းဦးရွက်ဝါတို့  ကိုယ်လက်နှီးနှောသံမှတပါး အေးစက်တိတ်ဆိတ်နေသည် ။
ဝရန်တာ၏ လက်ရန်းများက အေးစက်စက် ၊ ထိတွေ့ နေသော လေက အေးစက်စက် ၊ လက်ထဲက
ပုလင်းက အေးစက်စက် ၊ယုတ်စွအဆုံး စီးကရက်ဖင်စီခံကတောင် အေးစက်စက်၊
ဆူပွက်နေသော နှလုံးသွေးစီးဆင်းမှူက လွဲလို့  အရာ အားလုံးသည် အေးစက်ခြင်းနှင့် ကပ်ငြိလျှက်သာ ။
ထိုသို့ သော ညမျိုးကို သူ လုံးဝကို စက်ဆုပ်မုန်းတီးသည် ။
ချွင်ခနဲ မီးခြစ်အဖုံးဖွင့်သံသည် တရင်းတနှီးရှိလှသည် ။
ပျော်ပွဲစားထွက်တုန်းက ၀ယ်လာသော ထိုမီးခြစ်ကို စိတ်ညစ်တဲ့အခါတိုင်း ထုတ်ထုတ်သုံးမိခြင်းကိုကကမောက်ကမနိုင်လှသည် ။
မှောင်မိုက်လှသော ထိုနေရာတွင် မီးခြစ်အလင်းရောင်တွင် ဒေါသ နှင့် စိတ်ထိခိုက်ခြင်းရောနေသော ၊မှောင်မိုက်ခြင်းသည် အဖော်ဆိုလျှင် အထီးကျန်မဆန်လွန်းသေးပါလားဟူသောအတွေးနှင့် သူ မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည် ။
အဓိပ္ပါယ်ရှူပ်ထွေးလှသော အချစ် က သူ့ အတွက်တော့ " သူမ " ဆိုသော စကားလုံးဖြင့် ပြည့်စုံသည် ၊ ကျေနပ်သည် ၊ လောက်ငှသည် ။
သူမက ရူးမိုက်စွာ ငါးစာမပါဘဲ ချိတ်ချည်းသက်သက် ထိုင်မျှားစေအုန်းတော့ ထိုချိတ်ကို ဟပ်မည့်ငါးမှာ သူသာဖြစ်သည် ။
သူမ၏ အလေးမထားမှူ ကို သူ တူးခါးသည် ။
လျစ်လျူရှူမှူ့ ကို ( မသိလိုက် မသိဖာသာ လုပ်မိတာလည်း ဖြစ်ချင်ဖြစ်မည် ) သူ တူးခါးသည် ။
သူမ၏ တောင်းပန်ပါတယ်ဆိုသောစကားကို တူးခါးသည် ( ထပ်မကြားချင်လောက်အောင် မုန်းသည် ) ။
သူမကို ထိခိုက်စေမည့်အရာမျိုးကို သူရှောင်းရှားချိန်မှာ သူမသည် ဘာကြောင့်များ
အပြန်အလှန်သဘောတရားကို လျစ်လျှူရှူထားသလဲဆိုတာ နားလည်ရခက်လှသည် ။
သူမအတွက် သူ့ လက်များသည် ကဗျာရေးတဲ့အထိ နူးညံ့ဘူးသလို ၊ နံရံကို ထိုးတဲ့အထိလည်း ကြမ်းတမ်းဘူးခဲ့ပြီ ။
ခွဲခွါခြင်းကို မလိုလားသူ သူ့ အတွက် သူမ ကတိများသည်သာ ဆုပ်ကိုင်ရာ ၊ မျှော်ကိုးရာ ။
မီးတောက်က လေအေးတချက်အဝှေ့ မှာ ဇီဝိန်ကြွေသွားသည် ။
ထိုသို့ သော ညမျိုးကို သူ လုံးဝ စက်ဆုပ်မုန်းတီးသည် ။
ညသည် လေအေးနှင့် ဆောင်းဦးရွက်ဝါတို့  ကိုယ်လက်နှီးနှောသံမှတပါး အေးစက်တိတ်ဆိတ်နေသည် ။
+--- ကမ္ဘာကြီးတစ်ခုလုံး စစ်မဖြစ်တဲ့အချိန်မှာ သွန်းလုပ်တဲ့ ဓါးတစ်ချောင်း ---+
ချစ်သူဆံနွယ်စတို့ ကို မနမ်းရှိုက်ဘူးသော်လည်း
စူးရှပြင်းပြသတိရသောအခါ
ရနံ့ သင်းသော လေညှင်းကိုခံစား ရှူရှိုက်ရသကဲ့သို့ ...
ချစ်သူလက်များကို မဆုပ်ကိုင်ဘူးသော်လည်း
စူးရှပြင်းပြသတိရသောအခါ
သွေးခုန်နှူန်းနှင့်အတူ တုန်ခါနေသော သွေးပြန်ကြောလေးများနှင့်
နွေးထွေးသော ဆုပ်ကိုင်ခြင်းကို ခံစားရသကဲ့သို့ ...
ချစ်သူနှူတ်ခမ်းအစုံကို မထိတွေ့ ဘူးသော်လည်း
စူးရှပြင်းပြသတိရသောအခါ
ပန်းနုရောင်ရနံ့ နှင့်အတူ နူးညံ့သော အထိအတွေ့ ကို ခံစားရသကဲ့သို့ ...
ချစ်သူရင်ခွင်ထဲ မမှေးစက်ဘူးသော်လည်း
စူးရှပြင်းပြသတိရသောအခါ
ငြိမ်သက်သောညတွင် နှစ်ခြိုက်စွာအိပ်စက်ခြင်းကို ခံစားရသကဲ့သို့ ...
ချစ်သူရင်ခုန်သံကို နားမထောင်ဘူးသော်လည်း
စူးရှပြင်းပြသတိရသောအခါ
ဘယ်ဘက်ရင်အုံတွင် နှလုံးသားနှစ်ခု တပြိုင်နက်တုန်ခါနေသကဲ့သို့ ...
ထို သကဲ့သို့  များစွာထဲမှာ ပျော်ဝင်ယစ်မူးရင်း
မင်း ငါ့ကို သတိမရတဲ့အချိန်တွေတောင်
ငါ မင်းကို သတိရတောင့်တတယ် ချစ်သူ
ကမ္ဘာကြီးတစ်ခုလုံး စစ်မဖြစ်တဲ့အချိန်မှာ သွန်းလုပ်တဲ့ ဓါးတစ်ချောင်းလို
အေးငြိမ်းမှူနဲ့ ပြည့်နှက်တဲ့ အချစ်မျိုးအတွက်
မင်းရဲ့ စစ်မှန်ခိုင်မာတဲ့ တွဲလက်တစ်ဖက်ကို
ငါလေ.......
အမှန်တကယ်ကို လိုအပ်နေပြီ ချစ်သူရာ ....။
+---- ည ----+
လမင်းနားမှာ ကြယ်တစ်အုပ် ရမ်းကားတဲ့ ည ...
 (ညနေခင်းရဲ့သားချော့တေးနဲ့  နေမင်းကတော့ အိပ်တန်းတတ်သွားလေရဲ့ )
 ဝံပုလွေတွေ ပွဲတော်တည်လို့ 
 သိုးငယ်တွေ လည်စင်းခံတဲ့ည .....။
 အခိုးအငွေ့ တွေကြားက အတိုအပြတ်တွေအောက်
 တိုက်ပုံတွေ လည်စည်းတွေထက်က မျက်လုံးများ ကျက်စားတဲ့ ည .....။
 ဖန်ပြတင်းနဲ့  မာကျူရီမီးရောင်ကိုရော
 ဝါးထရံနဲ့  ရေနံဆီမီးရောင်ကိုပါ  ထိတွေ့ စေတဲ့ ည ....။
 နွေးထွေးပြည့်စုံစွာ နာမကျန်းတဲ့သူတွေရော
 အေးစက်အထီးကျန်စွာ ဖျားနာသူတွေရော ညည်းညူကြတဲ့ ည ....။
 လူကြီးလူကောင်းဆိုတဲ့သူနဲ့  တေလေဂျပိုးဆိုတဲ့သူ
 ကြမ်းတပြေး ဘေးချင်းကပ် ကျချင် ကျတတ်တဲ့ ည ...။
 အိမ်မက်ဆိုးရော အိမ်မက်ကောင်းရော မက်ကြတဲ့ည.....။
 အမှောင်ကန့် လန့် ကာနောက်မှာ
 အမှန်တရားတချို့ ပုန်းလျှိုးကွယ်လျှိုးလုပ်တဲ့ ည ....။
 ပွဲတတ်တဲ့သူကတတ်လို့  ပွဲပျက်တဲ့သူကပျက်လို့  ...
 မျက်နှာဖုံးဖျက်သူကဖျက်လို့  မျက်နှာဖုံးတပ်သူကတပ်လို့ ..
 ဟန်ဆောင်တဲ့သူကဆောင်လို့  ပြန်လှောင်တဲ့သူကလှောင်လို့ ...။
 ထပ်ဖြည့်မယ့်ခွက်ထဲမှာ
 အောင်မြင်ခြင်းရောတဲ့သူကရော ကျဆုံးခြင်းရောတဲ့သူကရောတဲ့  ည....။
 ( ဒါအရေးလားအာနိသင်ကတော့ အားလုံးကို တန်းတူဆက်ဆံတယ် ...)
 ကဲပါလေ
 နိုးထတော့လည်း မနေ့ ကကိစ္စတွေကိုမျက်နှာသစ်
 ခန္ဓာကိုယ်အဟောင်းကို လတ်ဆတ်အောင်လုပ်လို့ 
 နောက်ညအသစ်တွေထဲမှာ ဟန်မပျက်ပေါ့လေ .......။
+---- ဝိရောဓိ -----+
တကယ်ပါဘဲ....
ကဗျာကို မြတ်နိုးစွာနဲ့  သစ္စာဖောက်နေတဲ့ ကျနော်
သူများတွေထက် အပြစ်ပိုကြီးနေတယ် အစ်ကိုရာ ....။
ဝီလီယမ်ရှိတ်စပီးထားထက် ဘရစ်တနီစပီးယားကို လူသိပိုများနေမှတော့
အယ်လင်ပိုးနဲ့  လောင်းဖဲလိုး ခေတ်ပြိုင်လား မပြိုင်လား
ကျနော်မသိတာ မှားလားအစ်ကိုရာ .....။
လုပ်ချင်တာ မလုပ်ရတာထားတော့
လုပ်သင့်တာထက် လုပ်ခိုင်းတာကို လုပ်နေရတဲ့အချိန်
ဒီလက်တွေက အသွေးအသားလား ဂီယာလက်တံတွေလား
ကျနော် ဝေခွဲရခက်နေတယ် အစ်ကိုရာ....။
မောင်ချောနွယ်အတုပြောသလို
မျက်လှည့်ဆရာရဲ့ ဘင် ကိုမှ ၀ယ်ချင်တဲ့လူတွေ
အလမ္မာယ်ဆရာရဲ့ မြွေကိုမှ ၀ယ်ချင်တဲ့လူတွေ .. လူတွေ ....
ကဲ မခက်ပေဘူးလား အစ်ကိုရာ ....။
တကယ်လို့ များ ( ဒီလူတွေက )
မင်းတတ်ထားတဲ့ အသုံးမကျတာတွေ ဒါအကုန်ဘဲလားလို့ မေးလာခဲ့ရင်
ဖြေစရာ တစ်ခုကျန်ပါသေးတယ်
"ကျနော် ကဗျာလည်းရေးသေးတယ်" လို့  ...
တကယ်ပါဘဲ...
ကဗျာကို မြတ်နိုးစွာနဲ့  သစ္စာဖောက်နေတဲ့ ကျနော်
သူများတွေထက် အပြစ်ပိုကြီးနေတယ် အစ်ကိုရာ .....။
+--- စုံစမ်းမေးမြန်းခြင်းသည်းခံပါ----+
အစိမ်းတွေ နည်းလာပြီး အနီတွေများလာတယ်
 ငါတို့ တွယ်ကပ်နေတဲ့ အလုံးအ၀ိုင်းကြီးလည်း
 အခိုးတလူလူနဲ့  ပတ်ပြေးနေရ ။
 အရောင်တောက်တောက်တွေ များလာပေမယ့်
 အရောင်မွဲမွဲတွေကလည်း လျော့မသွားပါဘူး
 သူ့ အလွှာနဲ့ သူသာ သားပေါက်(သားဖောက်)ကြတယ် ။
 အဖြူတွေ နည်းလာပြီး အနက်တွေများလာတယ်
 စား ၊ ဝတ် ၊ နေ မဟာမိတ်တို့ ထိုးစစ်ပြင်းလွန်းတော့လည်း
 ကိုယ်ကျင့်တရားတို့  ခြေကုန်လက်ပန်းကျ ။
 ခင်ဗျာ ဟီရိ ၊ သြတ္တပ္ပ ဟုတ်လား !
 သူတို့  ဒီမှာမနေတာ တော်တော်ကြာသွားပြီဘဲ
 စုံစမ်းမေးမြန်းခြင်းသည်းခံပါ ..............။.
+--- ပိုးစုန်းကြူး ----+
ညသည် ကြယ်စင်လည်ဆွဲတဖျတ်ဖျတ်နှင့် ဝတ်စုံနက်နက်ကို ဆင်မြန်းလျက်....
ကျနော်ကတော့ ကြွေကျမယ့် ကြယ်အပိုင်းအစကလေး ရလိုရငြား
လမ်းများပေါ်တွင် လက်ဖြန့် လျောက်သူတွေနှင့် အရောမ၀င်လိုပေ။
သူမ.........
ညကို ဆန့် ကျင်ကာ အရောင်လက်လက်နှင့်...
သူမလှူပ်ရှားပုံက သွက်လက်သလောက် သိမ်မွေ့ သည်...မြန်ဆန်သလောက် အိနြေ္ဒရှိသည်...
လွတ်လပ်မှူကို နှစ်သက်သလောက် ရန်လိုစိတ်အလျှင်းမရှိ ။
သူမက အောင်ဆီဂျင်သန့် သန့် တွင် ပျော်မွေ့ သည်.......
ကျနော်က ကာဗွန်ဒိုင်အောက်ဆိုဒ် ခပ်များများရယ် ။
ဂျူးခြောက်သန်းကို သတ်ပီးမှ ချာလီချက်ပလင်ကိုရတာ တန်တယ်လို့ သတ်မှတ်ရင်
ဖန်ပုလင်းတစ်လုံး ပြေးယူပီး သူမကို ပိတ်လှောင်ထားလိုက်မည် ။
ဒါ့ကြောင့်ဘဲ သူမလွတ်လပ်စွာ တောက်ပနေမှူကို အမှောင်ထဲကနေ ရပ်ကြည့်နေနိုင်အောင်
မဖြစ်စလောက် ခံနိုင်ရည်နည်းနည်းနဲ့  ကြိုးစားကြည့်နေဆဲ ။
တကယ်တော့ ငါဟာ ..
ကြယ်စင်တစ်အုပ်ထက် ပိုးစုန်းကြူးတစ်ကောင်ကိုဘဲ ပိုတောင့်တသူပါ....
ယုတ်စွအဆုံး အမှောင်တွေကို ဖမ်းဆုပ်ရစေဦးတော့
ရောင်စဉ်ဖြာတဲ့ အသက်ရှူသံသဲ့သဲ့လေးကို နှလုံးသားနဲ့  နားဆင်ခွင့်ရရင် ငါရောင့်ရဲပြီ............။
+---- အိမ်မက် တစ်ဆင်စာ ----+
ဒီအကြောင်းပြောရင်
ငါရယ်၊ မင်းရယ်
အတိတ်လေး အနည်းငယ်၊ မရေရာတဲ့ လက်ရှိနဲ့ 
တစ္ဆေတစ်ကောင်လို အနာဂတ် တွေပါလာတော့မယ်( ငါမျက်လုံးတွေကန်းသင့်ရင် ကန်းထားရမယ် )
မိုးသည်းခဲ့ပေမယ့် ကတိစကားတွေတော့ သွေ့ ခြောက်ပျက်သုဉ်းလျှက်
( ရေငုံနှုတ်ပိတ်မနေနဲ့ လို့  ပြောခဲ့တဲ့မင်း ကိုယ်တိုင်တော့ ငြိမ်သက်လို့  )
မင်းပြောတဲ့စကားတွေက ငါ့မာနထက် ငါ့ရင်ကို ထက်ပိုင်းကျိုးစေတယ်...
မင်းနဲ့ ဝေးကွာရမှာထက် ဘယ်အရာကမှ ညတွေကို ပိုမမှောင်စေနိုင်တော့ဘူး....
အီကွေတာမှာ အလေ့ကျပေါက်တဲ့အပင်တွေထဲတော့ စာရင်းမသွင်းလိုက်ပါနဲ့ 
ငါတစ်ပင်တည်းဘဲ ၀င်ရိုးစွန်းမှာ အေးခဲနေလိုက်တော့မယ်.....
မင်းပြောသလိုဘဲ ဘာကောင်မှတော့မဟုတ်ဘူးပေါ့လေ
အိမ်မက်တဆင်စာနဲ့  မင်းအသိုင်းအ၀ိုင်းကြားမှာ ဘယ်လိုမှ ခရီးမပေါက်တာသိပါတယ်ကွာ
ငါလေ ဘာမှမဟုတ်တာ ကိုဘဲ သိမ်းထားပါရစေ
မင်းကို သတိရရင် မကြာ မကြာ ထုတ်..ထုတ်ကြည့်ရအောင်ပေါ့......
ငါ့အတိတ်ရဲ့ ဆေးစက်တွေကို ပြန်ကြည့်ရင်
မီးခိုးရောင်က အများသားဘဲ ( အတိတ်ကို ငါဘယ်တော့မှ အပြစ်မတင်ပါဘူး )
ရှူသွင်းနေတဲ့လေက ငါ့ပစ္စုပ္ပန်ဘဲ...
ရေးလက်စ ကဗျာတစ်ပုဒ်က ငါ့အိပ်စက်ခြင်းဘဲ..
ငါက သွေးအေးတယ် နှုတ်ဆိတ်တယ်
တိုးတိတ်လွန်းတော့ ငါ့နှလုံးခုန်သံကို မင်းသတိပြုမိပါ့မလား။
မင်း......
င့ါဘ၀ကို လောင်ကျွမ်းစေတယ်
မင်းမျက်နှာရှေ့ ကနေ ဖယ်ခွါလိုက် ကြမ်းပေါ်လွှင့်ပစ်လိုက် ( ခြေထောက်နဲ့ နင်းလိုက်တာလည်း အကြိမ်ကြိမ် )
နောက်ဆုံးတော့ ပြာမှူန်တွေအဖြစ်နဲ့  အမှိုက်ပုံးထဲမှာ..
ဒါပေမယ့် ငါ့ဘ၀ကို ငါကျေနပ်တယ်
မင်းနှုတ်ခမ်းဖျားကနေ တယုတယ
မီးခိုးငွေ့ ကွင်းလေးတွေအဖြစ် လှလှပပ
စိတ်လိုလက်ရ မင်းမှူတ်ထုတ်နေတတ်တဲ့
အချိန်တွေကို ပြန်တွေးမိရင်ပေါ့.....
ဒီလိုနဲ့ ပေါ့လေ...
မင်းနဲ့ ပတ်သတ်ရင် ငါဟာ အရူးတစ်ယောက်ထက်ပိုခဲ့တယ်
ငါကတော့ ယုံကြည်ချက်နဲ့  ငါ့လမ်း ငါဖောက်ဆဲ
ဘယ်လိုလဲဟေ့မင်း
လမ်းလျှောက်နိုင်ပါ့မလား.......။
+--- သို့ ----+
လက်ဝဲလက်ဖြင့် သူမအားထွေးပွေ့ လျက်
လက်ယာလက်ဖြင့် သူမ၏မျက်ရည်တို့ အား
သုတ်ပေးအံ့....
ထိုသိုသော နေ့ ရက်များအတွက်
အလွမ်းတို့ စွန်းထင်းနေသောတလင်းပြင်ပေါ်တွင်
ဝေးကွာခြင်းနှင့် ကျွန်ုပ် နှလုံးသား စီးချင်းထိုးရပေလိမ့်မည်...
ကျဆုံးကောင်းကျဆုံးသွားနိုင်ပါတယ်
သို့ သော်.......
ကျွန်ုပ်ကျေနပ်နေပေလိမ့်မည်........။
+--- လက်ဖက်ရည်ဆိုင် ----+
♪♫ မနေ့ ကလိုဘဲ ဘ၀ဟာလည်း.....တီ.တီ.တီ...♪♫
ပြတ်တောက်သွားသော သီချင်းသံအဆုံး အလိုမကျသံများ တီးတိုးရေရွတ်သံများ
ဆဲဆိုသံ သဲ့သဲ့ကိုတောင် ကြားလိုက်ရသေးသည်။
ဘာဘဲပြောပြော အာခေါင်တွေလည်း ခြောက်လှပီမို့  ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်မိသည်။
နိုင်ငံတကာဘောလုံးအသင်းတို့ ၏ ရှေ့ ခရီးစဉ်များ၊ သွင်းဂိုး၊ပေးဂိုးများသည်
ဆေးလိပ်ငွေ့ နှင့် ရေနွေးကြမ်း များအကြားတွင် စီးမျှောလျက်....( ကျဆိမ့် တစ်ခွက်နဲ့ အတူ မျှောပါသွားသော Rooney ၏ သွင်းဂိုးများတောင်ပါလိုက်သေးသည် )...
နားကပ်အမဲတစ်ဖက် ဆံပင်ထောင်ထောင်ကိုယ်စီနှင့် Punk တစ်စုက
နံရိုးတစ်ချောင်းထုတ်ဖို့ အရေး အချေအတင်.......
ဘောင်းဘီပွတဲ့ Rapper တစ်အုပ်လည်း Generation အကြောင်း
ဖုန်းကိုယ်စီနှင့် ရွတ်ဆိုလျက်..( တကယ့်တကယ် မိဘ၏ Generation ကိုကျေးဇူးတင်သင့်တယ်
ရေထမ်းရောင်းတဲ့ အခြေအနေမျိုးဆို ဒါမျိုးရွတ်ဖို့ ဝါသနာရှိပါ့မလားမသိ )....
သိန်းပေါင်းများစွာကို ပါးစပ်နဲ့ သယ်နိုင်တဲ့ ပွဲစားတစ်ပွေကလည်း
ဖော်ရွေတဲ့မျက်လုံးတစ်ဖက်နဲ့  ပါးနပ်တဲ့ မျက်လုံးတစ်ဖက်ကို အနက်ရောင်ဘောင်ခတ်လျှက်....
အလုပ်သမားဆေးပေးခန်းမှ ကော်လံဖြူဆရာဝန်လေး၏
အထူးကုဆေးခန်းသို့  အလည်ရောက်နေတဲ့အတွေးများ....( လူနာများကို coffee သိပ်အများကြီးမသောက်ခိုင်းသော်လည်း သူ့ ရှေ့ မှ ကော်ဖီခွက်သည် တ၀က်ကျိုးလုနေပြီ..)
ခေတ်မှီကွန်ဒိုများစွာကို နှံ့ စပ်အောင်တက်ဆင်းနေသော်လည်း
( မြို့ ပြင် မိမိတို့ ဗိဗ္မာန်အိမ်စုတ်ကို မိုးတွင်းအမှီအိမ်ခေါင်မိုးမလဲနိုင်သေးသည့် )မောင်တစ်ထမ်း မယ်တစ်ထမ်း
ဘိလပ်မြေသယ် လင်မယား ၂ယောက်၏ ကလေးတပြုံတမအတွက် စမူဆာအနည်းငယ်ပါဆယ်ဆွဲရန် မဟာစဉ်းစားခန်း...
လမ်းသွားလမ်းလာတို့ လက်တစ်ဖက်ထုတ်တိုင်း ဂနာမငြိမ် ဖြစ်နေတဲ့
နေ့ တွက်မကိုက်သေးတဲ့ Taxi ဒရိုက်ဘာ...( သူ့ ရည်စားပါးရိုက်ဖို့ လက်တစ်ဖက်ထုတ်ရင်တောင် ပြုံးပြုံးလေး အရိုက်ခံသွားမဲ့လူမျိုး)...
လက်ဖက်ရည်ဆိုင်နှင့် ကားဂိတ်ကို စစ်မျက်နှာ ၂ ဖက်ဖွင့်ထားတဲ့
ကွမ်းယာသည်ကုလား၏လက်များသည် ထုံးအိုးနှင့် ကွမ်းရွက်ကြား ဗျာများလျက်....( ထိုကုလားသည် ကိုယ်တိုင်ကျတော့ ကွမ်းမစားချေ )....
ဆိုင်ရှေ့ မိတ္တူဆိုင်မှ အမျိုးသမီး၏ မျက်နှာတစ်ကွက်ကို စက္ကန့် ၃၀လောက်မြင်ရဖို့ အရေး
တစ်နေ့  ၃ နာရီလောက်အချိန်လာဖြုန်းပီး ဇွဲဆုယူရန်ကြိုးစားနေတဲ့ ငနဲတစ်ကောင်၏ ၂ အိုးမြောက်ရေနွေးအိုးငှဲ့ ခိုက်...( ထိုအမျိုးသမီး၏ မျက်စောင်းတစ်ချက်ကို ပိုင်ဆိုင်သမျှနှင့် လဲယူမယ့်သဘောရှိသည် )...
မိတ်ကပ်ထူထူနှင့် နှူတ်ခမ်းနီအရဲသား ညည့်ငှက်တစ်ကောင်ကလည်း မိစ္ဆာခန်းဆောင်မ၀င်ခင်
သူ့ မိတ်ဆွေစွန့် ကြဲသော ပေါင်မုန့် ကြက်ဥကြော်ကို စိတ်မပါလက်မပါ ဖဲ့ခြွေလျက်....
( သူမအဖို့ တော့ "Stomach"ဟူသောဝေါဟာရသည် အိပ်ယာဟုပင် ပြန်ဆိုလေမလားမသိ )...
ဝမ်းတီး၊ ပလိန်း၊ ကြက်သံ၊ ၀က်ကုန်းဘောင်တို့ ကို နေ့ စဉ်မပြတ်အော်နေရသော စားပွဲထိုးကောင်လေး၏
ညစာအတွက် ထမင်းကြမ်းမှ ကျန်ပါ့မလား စိုးရိမ်ပူပန်မှူမျက်နှာတို့ နှင့်အတူ...
မီးလာပြီဆရာ !!!.....
လောဘ၊မောဟ နှင့် ဒေါသ ဆတူရောစပ်ထားသော ဆိုင်ပိုင်ရှင်သည် လေတစ်ချက်ချွန်ကာ
စီဒီခွေတစ်ချပ်ကိုကောက်ကိုင်လိုက်ကာ စူထွက်နေသော ဗိုက်ခေါက်ကို မလုံ့ တလုံဖုံးအုပ်ထားသည့်
စွပ်ကျယ်အဖြူနှင့် ခပ်ကြမ်းကြမ်း ပွတ်တိုတ်ပြီး စက်ထဲကောက်ထည့်လိုက်သည်။
Digital to Analog ပြောင်းလဲမှူများနှင့်အတူ ၀ါယာကြိုးနှစ်ချောင်းမှသယ်ဆောင်လာသော စီးဆင်းမှူ့ တစ်ခု
နောက်ကျောကို တိုးဝင်လာမှူနှင့်အတူ ကျနော်လည်း ကျယ်လောင်သော သီချင်းသံနှင့်အတူ နိစ္စဓူဝ လောကီဇာတ်ခုံသားတို့အား
ဖျော်ဖြေလျက်...တကယ်တော့ ကျွန်တော်သည် အိုဟောင်းနေသော Sound Box တစ်လုံးမျှသာ......။
+---- မျက်နှာဖုံးများ ----+
ဆလိုက်မီးတစ်ကွက်စာ အောင်မြင်မှူလေးရဲ့နောက်
ဖမ်းဆုပ်လို့ ရလောက်အောင်မှောင်မိုက်နေတဲ့ မတန်တဆပေးဆပ်မှူတွေ.....
အယောင်ဆောင်နွေးထွေးမှူတွေနဲ့ 
နောက်ကျောက အေးစက်တဲ့ဓါးသွားတွေ......
ပါးလွှာလွန်းတဲ့ ပျားရည်အောက်က
ပုပ်အက်အက် ဟန်ဆောင်မှူတွေ.......
အပြုံးတပ်ဆင်ထားတဲ့ မျက်နှာဖုံးအောက်က
မစ္ဆရိယ များနေတဲ့မျက်နှာစစ်တွေ.......
အားပေးတဲ့လက်ခုပ်သံတချို့ တ၀က်နောက်မှ
များပြားလှတဲ့ လက်သီးပုန်းများ......
ဟူးးးးးး
၅၀၀၀၀၀၀၀၀၀၀၀၀၀၀၀ ကီလိုဂရမ် ဒြပ်ထုရှိတဲ့လေထုထဲမှာ
ဘာလို့ များ အသက်ရှူမ၀နိုင်ရတာလဲ.....
လေထု ညစ်ညမ်းလာခြင်းလား လူထုညစ်ညမ်းလာခြင်းလား......
တကယ်တော့ ဘ၀ဆိုတာ ကြိုတင်ဇာတ်တိုက်ခွင့်မရရှာတဲ့ ပြဇာတ်တစ်ပုဒ်မျှသာ......။
+---- အရိုးရှင်းဆုံးနှင့် မရိုးနိုင်သော စကားလုံး (သို့ ) ဖေဖေနဲ့ မေမေ ----+
သူများတွေလို special nurse နဲ့ ဗိုက်မအပ်နိုင်ခဲ့ပေမယ့်
ဖေဖေနဲ့ မေမေရဲ့ ဂရုစိုက်မှူအောက်မှာ
သားတို့  ညီအစ်ကိုသုံးယောက် အင်္ဂါစုံစွာ မွေးဖွားခဲ့ပါတယ် ...( ကျေးဇူးတင်ပါတယ် ဖေဖေနဲ့ မေမေ )
သူများတွေလို အဆင့်မြင့်နေ့ ကလေးထိန်းကျောင်းတွေ မထားပေးခဲ့နိုင်ပေမယ့်
အဖေနဲ့ အမေရဲ့ သွန်သင်ပြသမှုအောက်
သားတို့ တွေ မရှိုင်းပြခဲ့ပါဘူး ဖေဖေနဲ့ မေမေ....
သူများတွေလို ကျောင်းစိမ်းအင်္ကျီ ထည်လဲမ၀တ်နိုင်ခဲ့ပေမယ့်
မေမေလျော်ဖွတ်ပေးတဲ့ ကျောင်းဝတ်စုံလေးကြောင့်
သားတို့  အများကြားမှာ မညိုးမှိန်ခဲ့ပါဘူး မေမေ....
သူများတွေလို ထမင်းဘူးလှလှလေးတွေ ဟင်းကောင်းတွေ မကိုင်နိုင် မထည့်နိုင်ခဲ့ပေမယ့်
မေမေ့ရဲ့ လက်သုတ်ပ၀ါ သန့် သန့် လေးတွေနဲ့ ထုပ်ပိုးထားတဲ့ ထမင်းဘူးလေးက
အမြဲတမ်းသန့် ရှင်းပြီး စားချင်စဖွယ်ဖြစ်နေခဲ့ပါတယ် မေမေ....
သူများတွေလို နိုင်ငံခြားဖြစ်ဘောပင်ခဲတံတွေ မသုံးနိုင်ခဲ့ပေမယ့်
ကျောင်းသွားခါနီးတိုင်း ဖေဖေချွန်ထားပေးတဲ့ ခဲတံလေး ၂ ချောင်းက
သားတို့ ပညာရေးကို ဖြောင့်ဖြူးစေခဲ့ပါတယ် ဖေဖေ....
သူများတွေလို ကားကြီးကားငယ် အသွယ်သွယ်နဲ့  ကျောင်းလိုက်မပို့ နိုင်ခဲ့ပေမယ့်
ဖေဖေနင်းတဲ့ စက်ဘီးကယ်ရီယာ ခုံလေးနောက်မှာ ( ချွေးနံ့ နဲ့  ဆေးလိပ်နံ့ ရောတဲ့ ကျောပြင်ကိုဖတ်တွယ်ရင်း )
သားတို့ တွေ လုံခြုံဘေးကင်း အဆင်ပြေခဲ့ပါတယ် ဖေဖေ...
သူများတွေလို ခေတ်မှီကစားကွင်းတွေ လိုက်မပို့ ပေးနိုင်ခဲ့ပေမယ့်
အိမ်ဘေးက ကွပ်လပ်လေးမှာ ( ဖေဖေနဲ့ မေမေက ဂိုးဖမ်းလို့  )
သားတို့  ပျော်ရွှင်မှူအပြည့်နဲ့ ကစားခဲ့ရပါတယ် ဖေဖေနဲ့ မေမေ...
သူများတွေလို ရုပ်ဝတ္ထု ပစ္စည်းဥစ္စာတွေအမွေမပေးနိင်ပေမယ့်
ဖေဖေနဲ့ မေမေရဲ့ မြေဖြူမှုန်များကြားက ရှာဖွေထောက်ပံ့ပေးခဲ့တဲ့ပညာအမွေနဲ့ 
သားတို့ လူ့ လောကထဲ ရဲ့ဝံ့မော်ကြွားစွာ လျောက်လှမ်းနေတယ် ဖေဖေနဲ့ မေမေ...
ဘယ်လောက်ပင် အရွယ်ရောက်သော်ငြားလည်း
သားတွေကို ရင်ဝယ်ပိုက်အရွယ် ထင်မှတ်တတ်တဲ့ မာတာပီတ မိနှင့်ဖရဲ့ စိတ်နှလုံးမှာ
အမြဲတစေ ပူပန်နေမယ်ဆိုတာ သားတို့ သိပါတယ် ဖေဖေနဲ့ မေမေ....
အပြောကျယ်တဲ့ လောကထဲ လေစုန်လေဆန် ပျံသန်းရင်း
အနှိုင်းမဲ့နွေးထွေးမှူမေတ္တာတရား အသိုက်အမြုံရှိရာနေရာလေးကို
သားတို့ မှန်းမျှော်တမ်းတလို့  ... တမ်းတလို့  .... တမ်းတလို့ ....................။
+---- လျစ်လျူရှူ့ ထားခြင်းခံရသော နေ့ ရက်များအကြောင်း ----+
နေရက်များသည် သိသိသာသာ ခြောက်သယောင်းလျက်ရှိသည်။ အရင်က ကုန်ဆုံးလွယ်သော
ညတို့ သည် နောက်ပိုင်းမှာတော့ ရှည်လျားမဲမှောင်လျက်သာ။
မနက်လင်းတည်းက စသောက်ခဲ့သော စီးကရက်ဖင်စီခံသည် အပေါ်မှ တအိအိပြိုဆင်းလာသော
အလေးချိန်များအပေါ်ညည်းညူလျက်..
ကော်ဖီခွက်ထဲမှ ကာဖင်းဓါတ်တို့ ၏တေးသွားအကများနှင့်အတူ ညသည်မီးစာကုန်စပြုနေပေပြီ။
ရောင်နီအလင်းလာစ အချိန်ထိ စာမျက်နှာတို့ ပေါ်တွင် အလွမ်းနှင့် သတိရခြင်းသာ
ရေးခဲ့နိုင်သေးသည်။
သူမသည် Minilaptop ကိုမကြိုက်.. ညစာ ကိုမကြိုက်.. ပွစိပွစိ လုပ်ခြင်းကိုမကြိုက်..
ဆိတ်ဆိတ်နေခြင်း ကိုမကြိုက် ..
ထို့ အတူ ချစ်တယ်ပြောရမှာကိုလည်း မကြိုက်ပေ .. သူမအကြောင်းမတွေးဘဲသာနေလျင်
ရင်ဘတ်သည် သိသိသာသာ နေရာကျယ်ဝန်းသွားလိမ့်မည်ထင်သည်။
သူမ လျစ်လျူရှု့ ထားသည့် နောက်ပိုင်းမှဘဲ မကောင်းမှူတို့ သည် ငယ်ပေါင်းများသဖွယ်
ကျနော့်အား တွယ်တာလာကြသည်။
ဂရုစိုက်မှူ မရှိသော အနေအထိုင်တို့ သည် နှာစေးချောင်းဆိုးခြင်းတို့ အား
သွားလေရာခေါ်ဆောင်နေသည့်အလား။ပရမ်းပတာနိုင်လှသော ထိုရာသီဥတုတွင်
ကျနော် အသားမကျနိုင်သေးပေ။
အားလပ်ရက် သတ်မှတ်ချက်မရှိ။ ခံစားမှူနောက် ခန္ဓာကိုယ်က မလိုက်နိုင်။
ရပ်တည်မှူတစ်ခုအတွက်
ဒုတိယဘုရားသခင်အတွက် မိုးသည်ညများတွင် မြေပြင်ပေါ်တွင်လည်း  အိပ်စက်ခဲ့ဖူးခဲ့ပြီ ။
ကျဲကျဲတောက် နေပူအောက်တွင် ဖုန်မှူန့် များကို ခါးခါးသက်သက်နမ်းဖူးခဲ့ပြီ။
နှင်းမှူန်အောက်တွင် ဆွယ်တာတစ်ထည်နဲ့ လည်း ကျော်ဖြတ်ခဲ့ဖူးတယ်။
တခါတလေတော့လည်း " လူဖြစ်ရကျိုးနပ်လိုက်တာ ဆိုတဲ့" ရွဲ့ စကားတွေကို သတိရမိတယ်။
တကယ်တော့ ကိုယ့်လူငယ်ဘ၀သည်
သွေးသားနဲ့ တည်ဆောက်ထားခြင်းလား စည်သွပ်ဘူးတခုလားေ၀၀ါးလျက်
(ရက်မလွန်တာကိုဘဲ ကြံဖန်ကျေးဇူးတင်နေမိသေးသည်)။
အိပ်ယာက နိုးထချိန်တိုင်း သွေးပျက်နေမိတယ်။
အလုပ်ချင်ဆုံးက ပြန်လည် အိမ်မက်နေခြင်းတခုသာ...
စနေ တနင်္ဂနွေတို့သည် သာမန်ရက်များထက် တံလျပ်လျင်းလျင်းထလျက်ရှိနေသည်..
မနီးတော့မယ့်အတူတူ မနက်ဖြန်တွေမှာ ငါတို့ ထပ်ဝေးချင်သေးတယ်
ငါတို့ တွေ မဆုံနိုင်ဘူးဆိုတာ သေချာသွားချင်လို့ ပါ.....